Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

ကဏ္ဍအသီးသီးအတွက် ဘုရားဟော

$
0
0
ယနေ့လူအများ ဗဟုသုတရစေလို အကျိုးများစေလို၍ ဘုရားဟော တရားတော်များမှ ကဏ္ဍအသီးသီးတွင် အကျိုးပြုစေမည့် အချက်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
==========================================
အောက်ပါခေါင်းစဉ်များဖြင့် ရေးသားတင်ပြထားပါသည်။

1. လူယုတ် လူညံ့နှင့် လူတော် လူကောင်း
2. ခေါင်းဆောင်ကောင်း
3. အုပ်ချုပ်ရေး


4. စကြာမင်း ကျင့်ဝတ်
5. မင်းမှုထမ်း
6. သံတမန်
7. ငြိမ်းချမ်းရေးနှင့် စစ်ရေး အထိ အပိုင်း (၁) တွင်ဖော်ပြထားပြီထိဆက်လက်ဖော်ပြထားပါသည်။
8. စစ်သားကောင်း
9. စည်းလုံးညီညွတ်ရေး
10. စည်းရုံးရေး လမ်းစဉ်
11. လုံ့လ၀ီရိယ
12. စီးပွားရေး ကြီးပွားရေး
13. ပစ္စည်းယိုပေါက် ခြောက်ခုမှာ
14. စီးပွားပျက်ကြောင်း တရားများမှာ
15. အများအကျိုးဆောင်
16. လူ့ကျင့်ဝတ်
17. ကျန်းမာရေး
စသည်ဖြင့် ကဏ္ဍ ၁၇ ခုခွဲ၍ ကောက်နှုတ်တင်ပြပေးသွားပါမယ်။





၁။ လူယုတ် လူညံ့နှင့် လူတော် လူကောင်း
မပြည့်သောအိုး ဘောင်ဘင်ခတ်သကဲ့သို့ လူယုတ် လူညံ့များသည် နေရာတကာတွင် လူတွင်ကျယ် လုပ်ချင်ကြသည်။
(သုတ္တနိပါတ်၊ နာလကသုတ် - ၃၉၀)
လူယုတ်လူညံ့များသည် တစ်ဖက်သားကို မထီမဲ့မြင် ပြုတတ်ကြသည်။ လူချင်းရင်းနှီးလာသောအခါဖြစ်စေ၊ သူ့ထံမှ အကူအညီ တစ်ခုခု လက်ခံဘူးလျှင် ဖြစ်စေ၊ မထီမဲ့မြင် ပြုတတ်သည်။ တစ်ဖက်သား၏ ဂုဏ်သိက္ခာကို မလေးစားတော့ချေ။ လူယုတ်လူညံ့တို့သည် စိတ်အပြောင်းအလဲမြန်သည်။ အလျင်ဦးအောင် ပြောလာသော စကားကို တစ်ဖက်နားပေါက် ယုံတတ်သည်။ အမှားအမှန်ကို ခွဲခြား၍ မသိတတ်ချေ။
(အင်္ဂုတ္တိရ်၊ ဒုတိယ တွဲ၊ အ၀ဇာနာတိသုတ်၊ စာမျက်နှာ ၁၄၅)
လူ့ဗလများသည် အကျိုးရှိမည့် အလုပ်တစ်ခုကို သူတစ်ပါးမကြိုက်လျှင်၊ လက်မခံလျှင် မလုပ်ရဲချေ။
လူတော်လူကောင်းများသည် မည်သူမျှ မကြိုက်ချင်နေပါစေ၊ အကျိုးရှိမည့် အလုပ်ဆိုလျှင် လုပ်ရဲကြပေသည်။
(အ၊၁၊၄၃၃။ ဌာနသုတ်)
လူ့ဗာလများသည် ကိုယ်ကျရာတာဝန်ကို မထမ်းချင်။ ကိုယ်နှင့်မဆိုင်သော ကိုယ့်တာဝန်မဟုတ်သည့် အလုပ်ကိုမှ လုပ်ချင်ကြသည်။ လူတော်လူကောင်းများသည် ကိုယ်ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြ၍ မဆိုင်သည့် အလုပ်၌ ၀င်ရှုပ်လေ့မရှိကြချေ။
(အံ - ၈၂ ဗာလသုတ်)
လူယုတ်လူညံများသည် သူတစ်ပါး၏ အပြစ်ကို မမေးသော်လည်း ပြောတတ်သည်။ မေးမည့်သူရှိပါမူ သူများအတင်းအဖျင်းကို ပုံကြီးချဲ့ပြောတတ်သည်။ သူတစ်ပါး၏ ကောင်းသတင်းကိုမူ မေးသူရှိသော်လည်း မပြောချင်။ မိမိဂုဏ်အရည်အချင်းကိုမူ မမေးသော်လည်း ပြောချင်သည်။ မေးမည့်သူရှိပါမူ ဗာရာဏသီ ချဲ့၍ပြောတတ်သည်။ မိမိ၏အပြစ် ချို့ယွင်းချက်ကိုမူ ဖုံးဖိထားတတ်သည်။ လူတော်လူကောင်းများသည် သူတပါး၏ ဂုဏ်ကိုထုတ်ဖော်ချီးကျူးရန် နှုတ်သွက်သလောက် မိမိဂုဏ်ကို ဖော်ထုတ်ရန် ရှက်စနိုးကြသည်။
(အံ၊ ၁၊ ၃၈၉၊ သပ္ပုရိသသုတ်)
လူတော်လူကောင်းများသည် အသိပညာကို အားကိုးကြ၍ လူ့ဗာလများသည် အင်အားကို ရှေ့တန်းတင်လိုကြသည်။
(Might Is Right) (ဇာ၊ ၁၊ ၁၂၅၊ လဋ္ဋုကိကဇာတ်)
အမှိုက်ကစ ပြသာဒ်မီးလောင်သကဲ့သို့ ဘေးရန်အန္တရာယ်ဟူသမျှ လူ့ဗာလကြောင့် ဖြစ်ပေါ်ရသည်။
(အံ၊ ၁၊ ၉၉၊ ဘယသုတ်)


၂။ ခေါင်းဆောင်ကောင်း
ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက
နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏။
ခေါင်းဆောင်က တော်ဖြောင့်ပါက နောက်လိုက်များလည်း တော်ဖြောင့်မှန်ကန်သည်။
(အံ၊ ၁၊ ၃၈၆။ အဓမ္မိကသုတ်။ ဇာ၊ ၁၊ ၁၁၀။ ရာဇောဝါဒ)
ခေါင်းဆောင်တစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ သစ္စာကတိ တည်ကြည်ရမည်။ သစ္စာတရားသည် အရသာတို့တွင် အမြတ်ဆုံးဖြစ်သည်။
(သံ၊ ၁၊ ၃၉။ စိတ္တသုတ်)
ကတိသစ္စာ တည်ပါလျှင် နာမည်ဂုဏ်သတင်း ကျော်စောလာမည်။
(သုတ္တနိ၊ ၃၀၇၊ အာဠာဝကသုတ်)
မုသာဝါဒ ကျူးလွန်သူအတွက် မလုပ်ရဲသော အကုသိုလ်ကံဟူ၍ မကျန်တော့ချေ။
(ဓမ္မပဒ၊ ၄၂၊ စိဉ္စမာဏ၀ိကာသုတ်)
ခေါင်းဆောင်ကောင်းသည် ပြောသလိုလုပ်၍ လုပ်သလို ပြောရန်လိုသည်။
(ဒီ၊ ၃၊ ၁၁၁၊ ပါသာဒိကသုတ်)
သစ္စံ၊ ဓမ္မော၊ ဓိတိ၊ စာဂေါဟူ၍ ခေါင်းဆောင်အင်္ဂါ လေးချက်ရှိသည်။
သစ္စံ၊ ကတိသစ္စာ တည်ရမည်။
ဓမ္မော၊တရားဥပဒေလမ်းကြောင်းအတိုင်း ကျင့်သုံးရမည်။
ဓိတိ၊တုန်လှုပ် ချောက်ချားခြင်းမရှိရ။ တည်ငြိမ်ရမည်။
စာဂေါ၊အသက်စွန့်ရန် အသင့်ရှိရမည်။
(သုတ္တနိ၊ ၃၀၇၊ အာဠာဝကသုတ်)
လူများစု၏ ကြည်ညိုလေးစားမှု ခံယူလိုပါက လိုချင်စရာ တွေ့သော်လည်း မယူဘဲ နေနိုင်ရမည်။ ဒေါသထွက်စရာ မုန်းစရာ တွေ့သော်လည်း ဒေါသမထွက်ဘဲ နေနိုင်ရမည်။ တွေဝေစရာ မာန်မာနတက်စရာတွေ့သော်လည်း မတွေဝေရ။ မာန်မာန မတက်စေရ။ ဤသို့ကျင့်သုံးနိုင်ပါက မိမိ၏ လုပ်ဖော်ကိုင်ဘက်များက ကြည်ညိုလေးစားလာကြလိမ့်မည်။
(အံ၊ ၂၊ ၉၇၊ ရာဇနိယ သုတ်)
မကောင်းမှုပြုရန် ရှက်ကြောက်တတ်၍ လောဘအလွန်မကြီးခြင်း၊ ကြိမ်းမောင်းပြစ်တင် ခံရမှုမပြုခြင်း၊ အရိုအသေ ခံချင်မှု လွန်လွန်ကဲကဲ မရှိခြင်းစသော အရည်အချင်းပြည့်စုံသူကို အများက ချစ်ကြည်ညိုကြမည်။
(အံ၊ ၃၊ ၆၊ အပ္ပိယသုတ်)
အလောင်းတော်မျောက်မင်းသည် မိမိ၏နောက်လိုက် မျောက်ပရိသတ်ကို ကယ်တင်ရန် မိမိ၏အသက်ကို အသေခံခဲ့သည်။
(ဇာ၊ ၁၊ ၁၆၅၊ မဟာကပိဇာတ်)


၃။ အုပ်ချုပ်ရေး
အုပ်ချုပ်သူများ လိုက်နာကျင့်သုံးရမည့် တရားများမှာ -
ရက်ရောစွာ ပေးကမ်းခြင်း၊ ကိုယ်ကျင့်သိက္ခာရှိခြင်း၊ ကိုယ့်အသက်ကို စွန့်လွှတ်နိုင်ခြင်း၊ ဖြောင့်မှန်ခြင်း၊ ကိုယ်နှုတ်အမူအရာ နူညံ့သိမ်မွှေ့ခြင်း၊ တိုင်းသူပြည်သားနှင့်မဆန့်ကျင်ခြင်း စသော မင်းကျင့်တရား ဆယ်ပါးကို လိုက်နာကျင့်သုံးသင့်သည်။
(ဇာ၊ ၂၊ ၉၀၊ မဟာဟံသဇာတ်)
ပြည်သူလူထု၏ဘ၀ကို နန်းတော်ခန်းမဆောင်ထဲမှ အစီရင်ခံစာ ထိုင်ဖတ်နေရုံဖြင့် အမှန်အတိုင်း မသိနိုင်။ ပြည်သူ့ခံစားချက် ဘ၀အမှန်ကိုသိရန် လူထုအတွင်းသို့ ရုပ်ဖျက်ဝင်ရောက် စနည်းနာရမည်။
(ဇာ၊ ၁၊ ၁၉၇၊ ဂန္ဒတိန္ဒုကဇာတ်)
အုပ်ချုပ်သူ အာဏာပိုင်သည် အလျင်ပြောလာသူ၏ စကားကိုယုံကြည်၍ တစ်ဖက်နားဖြင့် မဆုံးဖြတ်ရ။ နှစ်ဦးနှစ်ဖက် စကားကို ကြားနာပြီးမှ ဆုံးဖြတ်ရမည်။
(ဇာ၊ ၁၊ ၁၀၉၊ ရထလဋ္ဌိဇာတ်)
အာဏာပိုင်သည် အမှန်တရားကို ကိုယ်တိုင်မသိဘဲ အပြစ်ဒဏ်မစီရင်ရ။ စီရင်ခဲ့သော် အကန်းလမ်းလျှောက်က ချောက်ထဲကျရန်သာ ရှိသကဲ့သို့ မှားဖို့ရန်သာများသည်။ တိုင်းပြည်အုပ်ချုပ်ရာ၌ နူညံ့ပျော့ပြောင်းလွန်းပါက ပြည်သူတွေ စည်းကမ်းပျက်၍ သူခိုးဓားပြထူမည်။ အကြမ်းနည်းတစ်ခုတည်းသာ သုံးပါက ပြည်သူ့ချဉ်ဖတ် ဖြစ်မည်။ ထို့ကြောင့် မနုလွန်း မကြမ်းလွန်း မဇ္ဈိမပဋ္ဋိပဒါလမ်းသုံး၍ အုပ်ချုပ်ရမည်။
(ဇာ၊ ၁၊ ၂၅၄၊ မဟာ ပဒုမဇာတ်)
တိုင်းပြည် စည်ပင်သာယာ တိုးတက်စေလိုပါက အုပ်ချုပ်သူအာဏာပိုင်များသည် မကြာခဏ စည်းဝေးတိုင်ပင်ရမည်။ အစည်းအဝေးသို့ တစ်ပြိုင်နက် တက်ရောက်ကြရမည်။ စည်းဝေးပြီးသောအခါ တစ်ပြိုင်တည်း ပြန်ကြရမည်။ အစည်းအဝေးပြီးသည့်နောက် အုပ်စုငယ်များဖွဲ့၍ ဝေဖန်ပြောဆိုနေပါလျှင် အဖွဲ့ငယ်များ ကွဲသွားနိုင်သည်။ ဆိုလိုသည်မှာ အစည်းအဝေးနှင့်ဆိုင်သော ပြဿနာကို အစည်းအဝေးအတွင်း၌သာ ပြောရမည်။ အစည်းအဝေးမစမီ မပြောရ။ အစည်းအဝေး ပြီးမှ မပြောရ။ အလုပ်ကိစ္စကို ညီညာစွာ လုပ်ရမည်။ ရှေးထုံးစဉ်လာ မဖျက်ရ။ သက်ကြီးဝါကြီး အတွေ့အကြုံရှိသူများ၏ စကားကို နားထောင်ရမည်။ အမျိုးသမီးများကို အာဏာဖြင့် အနိုင်အထက် မသိမ်းပိုက်ရ။ မြို့တွင်းမြို့ပြင် စေတီများကို ပူဇော်ရမည်။ ရသေ့ရဟန်းများကို တရားသဖြင့် စောင့်ရှောက်မှု ပေးရမည်။
(ဒီ၊ ၂၊ ၆၃၊ မဟာ ပရိနိဗ္ဗာနသုတ်)


၎။ စကြာမင်း ကျင့်ဝတ်
တိုင်းပြည်ငြိမ်းချမ်း သာယာစေလိုလျှင် ဆင်းရဲသားများကို အမတော်ငွေများ အရင်းအနှီးများ အတိုးမရှိ ထုတ်ချေးရမည်။ အသက်မွေးဝမ်းကျောင်း ပြုလောက်အောင် အရင်းအနှီး အထောက်အပံ့ပေးရမည်။ ဆင်းရဲသော လူဦးရေက များနေလျှင် ခိုးမှု၊ လုယက်မှုများ ပေါများလာမည်။ လိမ်လည်မှု၊ သတ်ဖြတ်မှု၊ မတရားမှု၊ ၀ိသမလောဘများ လွန်ကဲ၍ အကျင့်စာရိတ္တ ပျက်ကုန်မည်။ ထို့ကြောင့် အုပ်ချုပ်သူ အာဏာပိုင်များသည် လူတိုင်းလူတိုင်း စားဝတ်နေရေး ဖူလုံအောင် ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
(ဒီ၊ ၁၊ ၅၇၊ စတ္တ၀တ္တိသုတ်)


၅။ မင်းမှုထမ်း
မင်းမှုထမ်းများသည် မူးလျင်ရမ်းချင်သော ရည်ရွယ်ချက်မျိုးဖြင့် အရက်မသောက်ရ။ အစိုးရပစ္စည်း (၀ါ) ပြည်သူပိုင်ပစ္စည်းများကို မခိုးရ။
(ဇာ၊ ၂၊ ၂၇၅၊ ၀ိဓူရဇာတ်)
လောင်းကစားမှု၊ လိမ်လည်ကောက်ကျစ်မှု၊ အရက်သေစာ သောက်စာမှု ကင်းရှင်း၍ အစိုးရဘဏ္ဍာတော်ကို အယိုမဖိတ်အောင် ထိန်းသိမ်းတတ်သူကိုသာ ဘဏ္ဍာစိုး (ဘဏ္ဍာရေးဝန်ကြီး) ခန့်သင့်သည်။
(ဇာ၊ ၂၊ ၁၊ တေသကုဏဇာတ်)


၆။ သံတမန်
သံတမန်သည် မိမိအစိုးရ၏ စကားကို တိတိကျကျ ပြောပြတတ်ရမည်။ တစ်ဖက်အစိုးရထံမှ သတင်းစကားကိုလည်း မခြွင်းမချန် ထုတ်ဖော် အစီရင်ခံရမည်။ အဓိပ္ပာယ်နှစ်ခွ မထွက်အောင် တိကျသော စကားလုံးကို ရွေးချယ်တတ်ရမည်။ တစ်ဖက်သား၏ လိုအင်ဆန္ဒကို အရိပ်အခြည် ကြည့်ရုံဖြင့် သိတတ်ရမည်။ မိမိ၏ လိုအားချက်ကို တိုက်ရိုက်မပြောဘဲနှင့် တစ်ဖက်သားသိအောင် ပြုလုပ်တတ်ရမည်။
(အံ့၊ ၃၊ ၃၇၊ ဒူတေယျသုတ်)


၇။ ငြိမ်းချမ်းရေးနှင့် စစ်ရေး
ဗုဒ္ဓမြတ်စွာသည် စစ်ကိုလုံးဝ မလိုလားချေ။ သို့ရာတွင် လောဘ၊ ဒေါသ၊ မောဟ၊ မကင်းသေးသော လူသားများမှာ စစ်ကို ရှောင်လွှဲ၍မရချေ။ မလွှဲမရှောင်သာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။ လူများသည် လောဘတဏှာအရင်းခံ၍ ပစ္စည်းဥစ္စာများကို သူပိုင်ကိုယ်ပိုင် သိမ်းပေါက်လာကြသည်။ ပိုင်ဆိုင်မှုကို ကာကွယ်ရန် လက်နက်စွဲကိုင်ကြရသည်။ ပစ္စည်းပိုင်ဆိုင်မှုကို အကြောင်းပြု၍ အချင်းချင်း ငြင်းခုန်ခိုက်ရန် ဖြစ်ကြရသည်။ စစ်ပွဲများဖြစ်ကြရသည်။ သတ္တ၀ါတိုင်း၊ လူတိုင်းမှာ အမြစ်အရင်းဖြစ်သော လောဘတဏှာကို မပယ်နိုင်ကြသေးသမျှ ပိုင်ဆိုင်မှု၊ နယ်မြေစစ်ပွဲများ ဆက်လက်ဖြစ်နေဦးမည်သာ ဖြစ်ပေသည်။ စစ်ပွဲများ ရန်ပွဲများ ရပ်စဲ၍ တစ်ကမ္ဘာလုံး ငြိမ်းချမ်းဥာယာစေလိုပါက လောဘနည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရန် မြတ်စွာဘုရား ဟောတော်မူခဲ့ပေသည်။
ထိုသို့စစ်မတိုက်ရေး၊ငြိမ်းချမ်းရေး တရားတော်များကို ဟောကြားခဲ့သော်လည်း စစ်ပွဲဆိုသည်မှာ မိမိက မလိုလားသော်လည်း ရှောင်လွှဲမရချေ။ တစ်ဖက်က မတရားကျူးကျော်တိုက်ခိုက်လာပါက တရားသဖြင့် ခုခံကာကွယ်ပိုင်ခွင့်ရှိပေသည်။ မိမိကိုယ်ကို ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်မှုကြောင့် တစ်ဖက်သား သေဆုံးသွားခဲ့သော်လည်း အပြစ်မဖြစ်နိုင်ချေ။ ခုခံကာကွယ်ခွင့်ကို ရဟန်းတော်များအားပင်လျှင် ပေးတော်မူသည်။ တစ်ဖက်သား၏ မတရားကျူးကျော်တိုက်ခိုက်မှုကို တရားသဖြင့် ခုခံတိုက်ခိုက်ရေး စစ်ပွဲတွင် ဘုရားလောင်းတော် မဟော်သဓာသည် စစ်ဗိုလ်ချုပ် လုပ်ခဲ့သည်။

အပိုင်း(၂)
၈။ စစ်သားကောင်း
စစ်ရှုံးရသည်ထက် စစ်မြေပြင်မှာ သေဆုံးရသည်က မြတ်သည်။ သူရဲကောင်းမည်သည် သေရမှာထက် စစ်ရှုံးရမှာကို ပိုကြောက်သည်။
(သုတ္တိနိ၊ ၃၄၃)
သေမှာကြောက်လျှင် သူရဲကောင်းအာဇာနည်၏ လုပ်ငန်းကိုမလုပ်လေနှင့်၊ စစ်သားကောင်းသည် ရန်သူနှင့်တွေ့လျှင် ပျော်နေသည်။
(ဇာ၊ ၁၊ ၇၇၊ ခုရပ္ပဇာတ်)
စစ်ဗိုလ်၊ စစ်သားများသည် လဲခေါင်းအုံး၊ လဲမွေ့ယာများပေါ်၌ ဇိမ်ယူကာ နေထွက်အောင်အိပ်စက်ကြ၍ လက်ဖ၀ါးတော်နုနု၊ ခြေဖ၀ါးတော်နုနု သွေးခြည်တော် ဥနေမှဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်မည်မဟုတ်။ သစ်သားခေါင်းအုံးဖြင့် အိပ်၍ နေမထွက်မီ အိပ်ယာမှထကာ စစ်ပညာ အပြင်းအထန် လေ့ကျင့်နေပါမှ တိုင်းပြည်လွတ်လပ်ရေး တည်မြဲမည်။
(သံ၊ ၁၊ ၄၅၇၊ ကလိင်္ဂရသုတ်)
စစ်သားကောင်းတစ်ယောက်သည် အမိန့်ကိုနာခံတတ်ရမည်။ မည်သည့်နေရာဒေသကိုမဆို သွားနိုင်ရမည်။ ရန်သူကို ချေမှုန်းတတ်ရမည်။ မိမိတပ်ကို လုံခြုံအောင် ထိန်းနိုင်ရမည်။ ရန်သူ့လက်နက်ဒဏ်ကို ခံနိုင်ရမည်။
(အံ၊ ၂၊ ၁၄၂၊ သောတ သုတ်)
ရန်သူ့အင်အားမြင်ရုံမျှဖြင့် မကြောက်လန့်ရ၊ ရန်သူ့လက်နက်သံ ကြားရုံမျှဖြင့် လန့်ထွက်မပြေးရ။ အစားအသောက် ချို့ငဲ့ပြတ်ငတ်မှုဒဏ်ကို ခံနိုင်ရမည်။ နှစ်ရက်သုံးရက် ထမင်းငတ်ခံနိုင်ရမည်။ နေပူမိုးရွာမရှောင်ရ။ မှက်ခြင်ကိုက်ခဲမှု ခံနိုင်ရမည်။
(အံ၊ ၂၊ ၁၃၈၊ အက္ခမသုတ်)
ထို့ပြင် စစ်ရေးနှင့် ပက်သက်၍ ခံတပ်မြို့အင်္ဂါလက္ခဏာ၊ စစ်ဆင်၊ စစ်မြင်းကောင်းတို့၏ လက္ခဏာ စသည်တို့ကို ဟောတောမူခဲ့သည်။ စစ်ဆင်၊ စစ်တက်နည်းနှင့်ပက်သက်၍ ပဒုမဗျူဟာ၊ စက္ကဗျူဟာ၊ သက္ကဋ္ဋဗျူဟာ စသည်ဖြင့် စစ်ဗျူဟာများကိုလည်း ဗုဒ္ဓစာပေ၌ ဖော်ပြထားပေသည်။
(ဇာ၊ ဋ္ဌ၊ ၂၊ ၃၆၃)
၉။ စည်းလုံးညီညွတ်ရေး
နန္ဒိသေန စစ်ဗိုလ်ချုပ်နှင့် သူရဲကောင်းတစ်ထောင်တို့သည် ညီညွတ်စွာဖြင့် အသက်စွန့်တိုက်ခိုက်ရာ မိမိထက် အဆတစ်ထောင်မက ပိုမိုအားကောင်းသော ရန်သူတပ်ကို အနိုင်ရဖူးသည်။
(ဇာ၊ ၁၊ ၉၃၊ စူဋ္ဌကာလိင်္ဂဇာတ်)
ငုံးအပေါင်းတို့၏ စည်းလုံးညီညွတ်စွာ အားထုတ်ပှုကြောင့် မုဆိုး၏ပိုက်ကွန်မှ လွတ်မြောက်ဖူးသည်။
(ဇာ၊ ၁၊ ၉၊ သမ္မောဒ မာနဇာတ်)
အချင်းချင်း ရန်ညှိုးဖွဲ့၍ ခိုက်ရန်ဖြစ်နေပါက နှစ်ဦးနှစ်ဖက် ပျက်စီးရန်သာဖြစ်သည်။
(ဇာ၊ ၁၊ ၂၊ ၅၉၊ ဖန္ဒနဇာတ်)
လိစ္ဆ၀ီမင်းသားများသည် အချင်းချင်းသွေးကွဲ၍ ညီညွတ်ရေးပျက်ပြားမှုကြောင့် အဇာတသတ်မင်းလက်အောက်၌ ကျွန်သပေါက်အဖြစ်ဖြင့် နိဂုံးချုပ်ကြရသည်။
(ဒီ၊ ၂၊ ၆၄၊ ဒီ၊ ဋ္ဌ၊ ၂၊ ၁၁၂၊ မဟာပရိနိဗ္ဗာနသုတ်)
၁၀။ စည်းရုံးရေး လမ်းစဉ်
လူထုကို စည်းရုံးရာ၌ ရှေးအကျဆုံး၊ အရိုးဆုံး၊ အလွယ်ဆုံးနည်းမှာ သင်္ဂဟတရား လေးပါးဖြစ်၏။ ဤသင်္ဂဟ တရားလေးပါးကို မကျင့်သုံးပါက မိမိဘခင်ကိုပင် သားသမီးများက ကျေးဇူးတုန့်ပြန်ကြမည် မဟုတ်ချေ။ အဖေဟူ၍ပင် ခေါ်ကြမည်မဟုတ်ချေ။ သင်္ဂဟတရား လေးပါးကား-
၁။ ဒါန= ပေးကမ်းထောက်ပံ့ခြင်း၊ ငွေကြေးပစ္စည်း အကူအညီပေးခြင်း။ (ပေးကမ်းခြင်းသည် အောင်စေရာ)
၂။ ပေယျဝဇ္ဇ= ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်စကားကို ချိုချိုသာသာပြောဆိုခြင်း။ (နှုတ်ချိုလျှိုတစ်ပါး၊ နှုတ်ကောင်းတော့ပြည်စိုး)
၃။ အတ္တစရိယာ= အကျိုးစီးပွားတိုးတက်အောင် ကိုယ်နှုတ်နှစ်ပါးဖြင့် ကူညီဆောင်ရွက် လုပ်ကိုင်ပေးခြင်း။ (အများအကျိုးဆောင် ကိုယ့်အကျိုးအောင်)
၎။ သမာနတ္ထတာ= ကိုယ်နှင့်ထပ်တူပြုခြင်း၊ တန်းတူထား၍ ဆက်ဆံခြင်း၊ ပြုစုခြင်း၊ တန်းတူ ဆင်းရဲဒုက္ခခံခြင်း။
ဆန်ထမင်းမစားနိုင်သောကြောင့် ပြောင်းထမင်း စားနေရသော ဆင်းရဲသားတို့ မျက်နှာမငယ်စေရန်အတွက် ရှေးမြန်မာ ဘုရင့်နန်းတော်၌ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ပြောင်းထမင်းစားရသည်ဟု ဆိုကြသည်။
(အံ၊ ၁၊ ၃၄၁၊ သင်္ဂဟသုတ်)
မင်္ဂလာတရားတော်၌ လာသော ဂါရ၀ နိဝါတ တရား ရှေ့ထား၍ သောဝစဿတာ မင်္ဂလာတို့ကို ကျင့်သုံးလျှင်လည်း စည်းရုံးရေး အောင်မြင်နိုင်လေမည်။
၁၁။ လုံ့လ၀ီရိယ
ကေသရာဇာ ခြင်္သေ့မင်းများသည် ဆင်ပြောင်ကြီးနှင့် ယုန်သူငယ်ကို တန်းတူ ခွန်အားစိုက်ထုတ်၍ ဖမ်းဆီးလေ့ရှိသကဲ့သို့ သေးမွှားသော လုပ်ငန်းဟူ၍ ပေါ့ပေါ့ဆဆမပြုသင့်။ လုပ်ငန်းကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တာဝန်ကိုလေးစားရမည်။
(အံ၊ ၂၊ ၁၀၆၊ သီဟသုတ်)
မိမိတာဝန် ကျေပွန်သူသည် နောင်တစ်ဖန် မပူပန်ရတော့ချေ။ လုံ့လ၀ီရိယမှန်သမျှ အချည်းနှီး အကျိုးမဲ့မဖြစ်နိုင်။ ယောက်ျားတို့၏တာဝန်မှာ လုံ့လ၀ီရိယ စိုက်ထုတ်ရန်ဖြစ်သည်။ အဆုံးတစ်နေ့ ဘာအကျိုးမှမခံစားရဘဲ သေဆုံးသွားစေဦး။ ထိုသူ၏ ဆွေမျိုးသားချင်း မိတ်ဆွေများမှာ ဂုဏ်ယူစရာအဖြစ် ကျန်ရစ်မည်။
(ဇာ၊ ၂၊ ၁၅၉၊ မဟာဇနကဇာတ်)
ပျင်းရိခြင်းသည် အကျိုးမဲ့ရန်သာဖြစ်၍ လုံ့လ၀ီရိယရှိခြင်းသည် အကျိုးစီးပွား တိုးပွားရန်သာဖြစ်သည်။
(အံ၊ ၁၊ ၁၄)
အခါတစ်ပါး၌ နတ်တို့၏အရှင် သိကြားမင်းက အလုပ်မလုပ်ချင်သော သားတော်သုဝီရနတ်သားအား "ခွန်အားစိုက်ထုတ်အလုပ်မလုပ်ဘဲ ချမ်းသာသုခ ရနိုင်သောနေရာရှိလျှင် ထိုနေရာသို့သွားလော။ ငါ့ကိုလည်း ထိုနေရာမျိုးကို ပို့ပေးပါလော့" ဟု ပြောကြားဖူးသည်။
(သံ၊ ၁၊ ၂၁၈)
အလုပ်လုပ်သည့်နေရာတွင် အသွေးအသားတွေ ခန်းခြောက်၍ အရိုးနှင့်အရည်သာ ကျန်ပါစေ၊ ဇွဲလုံ့လ၀ီရိယကို မလျှော့သင့်ချေ။
(အံ၊ ၁၊ ၅၂၊ ဥပညာတသုတ်)
အလုပ်ကို ကြိုတင်ပြင်ဆင် လုပ်ကိုင်ထားရမည်။
(ဇာ၊ ၁၊ ၂၄၅၊ သုမုဒ္ဒ၀ါဏီဇ ဇာတ်)
သူတစ်ပါးကို အားမကိုးရ၊ ကိုယ့်အားကိုယ်ကိုးကြရမည်။
(ဓမ္မပဒ၊ ၃၇)
၁၂။ စီးပွားရေး ကြီးပွားရေး
လူ့ဘ၀ချမ်းသာ လေးမျိုးရှိသည်။
  • ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝနေသဖြင့် ချမ်းသာခြင်း (အတ္ထိသုခ)
  • ထိုစည်းစိမ်များကို ခံစားနေရသဖြင့် ချမ်းသာခြင်း (ဘောဂသုခ)
  • ကြွေးမြီကင်းရှင်းသဖြင့် ချမ်းသာခြင်း (အာနဏျသုခ)
  • ရာဇ၀တ်ပြစ်မှု ဒုစရိုက်ပြစ်မှုများမှ ကင်းစင်သဖြင့် ချမ်းသာခြင်း(အန၀ဇ္ဇသုခ)ဟူ၍ လေးမျိုးရှိသည်။
(အံ၊ ၁၊ ၃၈၀၊ အာနဏျသုတ်)
ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝမှု (အတ္ထိသုခ) ကို ရလိုပါက ပညာရှိကို မှီဝဲဆည်းကပ်ခြင်း၊ မိမိလုပ်ငန်းနှင့် သင့်လျော်မည့် နေရာဒေသ၌ နေထိုင်ခြင်း၊ အလုပ်ကိုကြိုတင်ပြုလုပ်ထားခြင်း၊ မိမိ၏ ကိုယ်နှုတ်စိတ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ဤအချက်လေးခုနှင့် ပြည့်စုံအောင် ကြိုးစားကြရမည်။
(အံ၊ ၁၊ ၃၄၁၊ စက္ကသုတ်)
ဥစ္စာပစ္စည်း ရှာဖွေရာတွင် ဥဋ္ဌာနသမ္ပဒါ၊ အာရက္ခသမ္ပဒါ၊ ကလျာဏ မိတ္တတာ၊ သမဇီဝိတတာဟူသော အချက်လေးချက်ကို လိုက်နာရမည်။
  • ဥဋ္ဌာနသမ္ပဒါ - ဆိုသည်မှာ အချိန်မရွေး၊ ဒေသမရွေး၊ လုပ်ငန်းမရွေး လုပ်ကိုင်ရန် အဆင်သင့် ထကြွလုံ့လ၀ီရိယ ရှိနေခြင်းဖြစ်သည်။
  • အာရက္ခသမ္ပဒါ - ဆိုသည်မှာ ရလာသည့် ပစ္စည်းများကို မပျက်စီး မပျောက်ပျက်ရအောင် ထိန်းသိမ်းထားခြင်းဖြစ်သည်။
  • ကလျာဏမိတ္တတာ - ဆိုသည်မှာ ကူညီမ,စမည့် မိတ်ကောင်းဆွေကောင်းများ၊ အရင်းအနှီး ထုတ်ပေးမည့်သူများ၊ ကိုယ်နှုတ်ဖြင့် စောင့်ရှောက်မည့်သူများ ရှိခြင်းဖြစ်သည်။
  • သမဇီဝိတတာ - ဆိုသည်မှာ ၀င်ငွေထွက်ငွေ မျှတအောင် သုံးစွဲတတ်ခြင်းဖြစ်သည်။
ဤသမ္ပဒါတရားလေးပါးကား ဥစ္စာဝင်လမ်းဖြစ်၏။ ဥစ္စာဝင်လမ်းကို ဖွင့်၍ ထွက်လမ်းကို ပိတ်ရမည်။
  • မိန်းမလိုက်စားခြင်း၊
  • အရက်သေစာ လွန်ကြူးစွာ သောက်စားခြင်း၊
  • လောင်းကစားခြင်း၊
  • အကျင့်ပျက်သူ လူယုတ်မာနှင့် ပေါင်းသင်းခြင်း၊
ဤလေးချက်သည် ဥစ္စာထွက်လမ်းလေးခုဖြစ်သည်။
(အံ၊ ၃၊ ၁၀၇၊ ဒီဃဇာနုသုတ်)
၁၃။ ထို့ပြင် ပစ္စည်းယိုပေါက် ခြောက်ခုမှာ
၁။ ပျင်းရိခြင်း။
၂။ မေ့လျော့ပေါ့ဆခြင်း။
၃။ အလုပ်မကျွမ်းကျင်မှု၊ ခိုကပ်မှုရှိခြင်း။
၎။ စည်းကမ်းမရှိခြင်း
၅။ အိပ်ချိန်၊ အလုပ်နားချိန် များလွန်းခြင်း။
၆။ အလုပ်ကို အချိန်မီ မပြီးခြင်း။
(သံ၊ ၁-၄၀)
၁၄။ စီးပွားပျက်ကြောင်း တရားများမှာ
၁။ ပျောက်သောပစ္စည်းကို ရှာလေ့မရှိခြင်း။
၂။ ကျိုးပဲ့ဟောင်းနွမ်း စုတ်ပြတ်သည်ကို ပြင်ဆင်ဖာထေး ချုပ်စပ်၍ မသုံးစွဲခြင်း။
၃။ အစားအသောက်၌ အတိုင်းအဆမရှိ သုံးဖြုန်းခြင်း။
၎။ အကျင့်ပျက်သူက လုပ်ငန်းကို စီမံကွပ်ကဲနေခြင်း။
ဤလေးချက်နှင့် ပြည့်စုံသော အမျိုးသားများသည် ပစ္စည်းဥစ္စာ ကုဋ္ဋေကဋ္ဋာချီ၍ ကြွယ်ဝနေသော်လည်း နေ့ချင်းညချင်းမွဲရန် သေချာလှသည်။
(အံ၊ ၁၊ ၅၇၂၊ ကုလသုတ်)
စီးပွားရှာရာ၌ အရှက်အကြောက် လူ့ဂုဏ်သိက္ခာ ကင်းမဲ့လျက် သဘင်သည်နှင့် အရူးကဲ့သို့ ပြုကျင့်သဖြင့် ဥစ္စာရခြင်းမျိုးကိုမူ ကဲ့ရဲ့ပြစ်တင်ထိုက်သည်။
(ဇာ၊ ၁၊ ၈၆၊ လာဘဂရဟဇာတ်)
မတရား အမြတ်ကြီးစား ရောင်းဝယ်မှုကို ပြစ်တင် ရှုတ်ချသင့်သည်။
(ဇာ၊ ဋ္ဌ၊ ၁၊ ၁၂၆)
၁၅။ အများအကျိုးဆောင်
မိမိစည်းစိမ်ကို မိမိတစ်ဦးတည်း မသုံးဆောင်ဘဲ အများနှင့် ခွဲဝေ မျှတသုံးဆောင်သင့်သည်။
(သုတ္တနိ၊ ၂၉၆၊ ပရာ ဘ၀သုတ်)
သစ်ပင်စိုက်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ လမ်းပြင် လမ်းဖို့ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသော အများကောင်းကျိုးကို ပြုလုပ်ကြရမည်။
(သံ၊ ၁၊ ၃၀၊ ၀နရောပသုတ်။ ဇာ၊ ဋ္ဌ၊ ၁၊ ၂၁၄)
သူနာကို ပြုစုလုပ်ကျွေးခြင်းသည် ငါဘုရားကို ပြုစုလုပ်ကျွေးသည် မည်၏။
(၀ိ၊ ၃၊ ၄၁၇)
သူနာပြုပုဂ္ဂိုလ်၏ အင်္ဂါများမှာ -
၁။ ဆေးဖျော် ဆေးစပ် တတ်ကျွမ်းရမည်။
၂။ အစားအစာ သင့်-မသင့် ရွေးချယ်ကျွေးမွေးတတ်ရမည်။
၃။ ငွေကြေးလာဘ်လာဘ မငဲ့ကွက်ဘဲ လူနာအပေါ်၌ မေတ္တာစိတ်ထားရမည်။
၎။ ကျင်ကြီး ကျင်ငယ် တံတွေးအန်ဖတ်များကို မရွံတတ်ရ။
၅။ လူနာစိတ်ဓာတ် တက်ကြွအောင် အားပေးစကား ပြောတတ်ရမည်။
(အံ၊ ၂၊ ၁၂၇)
၁၆။ လူ့ကျင့်ဝတ်
မိမိ အသတ်မခံလိုပါက သူတစ်ပါးကို မသတ်ဖြတ် မညဉ်းဆဲရ။
မိမိ၏ ပစ္စည်းကို ခိုးယူလုယက်မှု မခံလိုပါက သူတစ်ပါး၏ ပစ္စည်းကို ခိုးယူလုယက်ခြင်း မပြုရ။
ကိုယ့်မယားကို သူတစ်ပါးက ကျူးလွန်ခြင်းကို မနှစ်သက် ပါက သူတစ်ပါး၏ မယားကို မကျူးလွန်ရ။
မိမိအပေါ် လိမ်ညာမှုကို မခံချင်ပါက သူတစ်ပါးအပေါ် လိမ်ညာခြင်းမပြုရ။
မိမိကုန်းတိုက်မှု မခံချင်ပါက မိတ်ဆွေနှစ်ဦးကြား ကုန်းတိုက်ခြင်း၊ ရန်တိုက်ပေးခြင်း မပြုရ။
ဆဲရေးတိုင်းထွာမှု မခံလိုပါက သူတစ်ပါးအား ဆဲရေးတိုင်းထွာမှု မပြုရ။
ဤသို့ စသည်ဖြင့် ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ မိမိမကြိုက်သည်ကို သူတစ်ပါးအပေါ် မပြုလုပ်ဘဲ ရှောင်ကြဉ်သွားပါက ဤဘ၀၌လည်း စည်းစိမ်ဥစ္စာ သားသမီး ခြွေရံသင်းပင်း စုံလင်စွာဖြင့် ပျော်ပျော်ပါးပါး ချမ်းသာသုခ ခံစားရမည်။ နောက်ဘ၀၌လည်း ချမ်းသာသုခ ခံစားရမည်။
(သံ၊ ၃၊ ၃၀၇၊ ဝေဠုဒွါရေယျသုတ်)
သားသမီး ကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ ဆရာတပည့် ကျင့်ဝတ်များကို သိင်္ဂါလောဝါဒ သုတ်နှင့် မင်္ဂလသုတ်တွင် ဟောကြားတော်မူခဲ့သည်။
(ခုဒ္ဒကပါဌ၊ ၃၊ မင်္ဂလသုတ်။ သုတ္တနိ၊ ၂၉၅၊ ၇၊။ ပရဘ၀သုတ်၊ ၀သလသုတ်၊ ဒီ၊ ၃၊ ၁၄၆။ သိင်္ဂါလေ ၀ါဒသုတ်)
အသိများနေပြီဖြစ်၍ အကျဉ်းချုံခဲ့ပါသည်။
၁၇။ ကျန်းမာရေး
နေ့စဉ်မှန်မှန် လမ်းလျှောက်ခြင်း၏ အကျိုးများမှာ -
၁။ ခရီးရှည်သွားနိုင်၏။
၂။ ထကြွလုံ့လရှိ၍ ပျင်းရိမှုကို နိုင်၏။
၃။ အနာရောဂါကင်း၏။
၎။ အစာကြေကျက်၏။
၅။ စိတ်တည်ငြိမ်မှု သမာဓိရ၏။
(အံ၊ ၂၊ ၂၄၊ စင်္ကမသုတ်)
ယာဂုသောက်ခြင်း၏ အကျိုးမှာ -
၁။ ဆာလောင်မှုကို ပြေပျောက်စေ၏။
၂။ ရေငတ်မှုကို ပြေပျောက်စေ၏။
၃။ အစာကြေစေ၏။
၎။ လေကို နိုင်၏။
၅။ ဆီးကောင်း၏။
(အံ၊ ၂၊ ၂၁၈၊ ယာဂုသုတ်)
သွားတိုက်ခြင်းအကျိုးများမှာ -
၁။ မျက်စိကြည်လင်၏။
၂။ ပါးစပ်အနံ့ကောင်း၏။
၃။ အရသာကြောများ စင်ကြယ်၍ စားသောက်ရာ၌ အရသာပိုတွေ့၏။
၎။ သလိပ်မကပ်ခြင်း။
၅။ ထမင်းမြိန်ခြင်း ဟူ၍ အကျိုးငါးပါးကို ဟောကြားတော်မူခဲ့သည်။
(အံ၊ ၂၊ ၂၁၉၊ ဒန္တကဋ္ဌသုတ်)
မီးလှုံခြင်းကြောင့်ဖြစ်ပေါ်လာသော မကောင်းကျိုးများမှာ -
၁။ မျက်စိမကြည်လင်ခြင်း။
၂။ အားနည်းခြင်း။
၃။ အသားအရေ အဆင်းမလှခြင်းတို့ ဖြစ်သည်။
(အံ၊ ၂၊ ၂၂၄၊ အဂ္ဂိသုတ်)
အသက်တိုကြောင်း တရားများမှာ -
၁။ မလုပ်သင့်သည်ကို လုပ်ခြင်း။
၂။ အတိုင်းအရှည် ပမာဏကို မသိခြင်း။
၃။ မကြေ မကျက်လွယ်သော အစာကိုစားခြင်း။
၎။ မေထုန် လွန်ကျူးခြင်း တို့ဖြစ်သည်။ ဤလေးချက်ကို ရှောင်ကြဉ်ပါက အသက်ရှည်နိုင်သည်။
(အံ၊ ၂၊ ၁၂၈၊ အနာယုဿာသုတ်)
ထို့ပြင် လူ့ဘ၀အသက်မွေးမှုနှင့် ပက်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးသမားများအတွက် လယ်ကောင်းလက္ခဏာရှစ်ပါး၊ လယ်ညံ့လက္ခဏာ ရှစ်ပါး၊ နွားမွေးမြူရေး လုပ်ငန်း၌ လိုက်နာသင့်သည့် အချက် ၁၁ ချက် စသည်ဖြင့် ဟောတော်မူခဲ့လေသည်။ အောက်ထစ်ဆုံးအားဖြင့် ခိုးဆိုး တိုက်ခိုက်စားသူများပင်လျှင် မိမိဘ၀ သက်ဆိုးရှည်လိုပါက လိုက်နာရမည့် စည်းကမ်း ရှစ်ချက် စသည်ဖြင့် အချွင်းမချန် ဟောကြားတော်မူခဲ့ပေသည်။
(အံ၊ ၃၊ ၆၉၊ ခေတ္တသုတ်။ အံ၊ ၃၊ ၅၄၆၊ ဂေါပါလကသုတ်။ အံ၊ ၃၊ ၁၅၃)
ဤကား ဘုရားဟော ပါဠိတော်မူရင်းမှ အနည်းအကျဉ်းမျှ ထုတ်နုတ်တင်ပြခြင်းသာ ဖြစ်ပေသည်။
ဤသို့လျှင် ဗုဒ္ဓမြတ်စွာဘုရားသည် သတ္တ၀ါအပေါင်း၏ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ကောင်းကျိုး၊ လောကီလောကုတ္တရာ အကျိုးစီးပွားအတွက် စုံလင်စွာ ဟောကြားတော်မူခဲ့ရာ မိမိနှင့်သင့်တော်ရာ ကြိုက်နှစ်သက်ရာ တရားများကို ကျင့်သုံးနိုင်ကြပါစေသတည်း။

 1/8/2013

Source-
http://htoopa.blogspot.com/2009/07/blog-post_24.html

Viewing all articles
Browse latest Browse all 98

Trending Articles