Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

ပညာတတ်၏ဂုဏ်အင်္ဂါလက္ခဏာ

$
0
0


မျက်မှောက်ကာလသည် စကားလုံးအသုံးအနှုန်းကအစ ယခင်နှင့်မတူတော့ပါ။ “ပညာပေါက်ကွဲမှု” ( Knowledge explosion ) ဖြစ်သည်။ အထူးသဖြင့် “ပေါက်ကွဲမှု” ( Explosion ) ဆိုသည်ကို သတိချပ်ရာသည်။ ယခင်က အင်အားအရှိဆုံးဟု ယူဆခဲ့ကြသည့် “တော်လှန်ရေး” ( Revolution ) ဆိုသည်မှာ “မျဉ်းတန်းသဘော” ( Linear ) အပြောင်းအလဲများကိုသာ ထင်ဟပ်နိုင်ရာ “မျဉ်းတန်းသဘောမဟုတ်သော” ( Non-linear ) အပြောင်းအလဲများကို ရှောင်မရဖြစ်လာသည့် မျက်မှောက်ခေတ်အတွက် မလုံလောက်သလို ဖြစ်လာရသည်။ သို့အတွက် “ပေါက်ကွဲမှု” ဆိုသော ဝေါဟာရကို တမင်ရွေးချယ်သုံးရသည်ဟု ဆိုသည်။


“စက်မှုတော်လှန်ရေး”ဆိုသည်ကို သာမန်မျှနားလည်ထားစဉ် ပညာရှင်များက ဤဖြစ်စဉ်ကြီးကို အဆင့်သုံးဆင့်ခွဲ၍ လေ့လာကြသည်။ ယနေ့ ကျွန်တော်တို့ မျက်မှောက်ပြုနေရသည်မှာ ရေနွေးငွေ့အင်ဂျင်နှင့် စတင်ခဲ့သော (၁၈)ရာစု စက်မှုတော်လှန်ရေး (ပထမ စက်မှုတော်လှန်ရေး)မဟုတ်။ လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်း စသည်တို့က အဓိကအင်ဂျင်နေရာမှ ပါဝင်ခဲ့သော (၂၀)ရာစုခေတ်ဦး စက်မှုတော်လှန်ရေး (ဒုတိယ စက်မှုတော်လှန်ရေး)ပင်မဟုတ်။ ကျွန်ပြူတာမှ စတင်ပြီး၊ အင်တာနက်အထိ အပြန့်ကျယ်သွားသော၊ မျိုးရိုးဗီဇပညာမှ စတင်ပြီး “ကလုန်းလူ”ထိ ဦးတည်လာသော တတိယစက်မှုတော်လှန်ရေးခေတ်ကြီး ဖြစ်သည်။ ဤဖြစ်စဉ်ကြီး၏ ထူးခြားချက်မှာ ပညာရပ်မျိုးစုံ ပေါက်ကွဲလျှံကျလာခြင်းဟု အကဲဖြတ်ကြသည်။

ပညာ၏လက်တံများမှာ ဘ၀၏ ထောင့်တိုင်းနေရာတိုင်းသို့ ဖြန့်ကြက်လာသည်။ မျက်မှောက်ခေတ် နှာစာမျိုးစုံတွင် ပညာအခံအား မကောင်းပါက ဇိုင်းပြတ်၍ နောက်တွင်ကျန်ရစ်တော့မည့် အလားအလာတွေ ပေါ်လာသည်။
“ပညာသည်သာ အရာရာ”ဟု ဆိုရလောက်အောင်ပင် ပညာ၏အခန်းကဏ္ဍက ရှေ့သို့ရောက်လာသည်။ သမားရိုးကျ ဘောဂဗေဒပညာက မြေယာအရင်းနှင့် လုပ်အားကိုသာ “ထုတ်လုပ်ရေးအရင်းအမြစ်” ( Productive resources )ဟု သဘောယူခဲ့ရာ၊ မျက်မှောက်ခေတ်တွင် မလုံလောက်တော့ပါ။ စတုတ္ထအရင်းအမြစ်အဖြစ် “ပညာ”ကို ထိုက်ထိုက်တန်တန် နေရာပေးလာကြရသည်။ “အရင်းလွန် လူ့အဖွဲ့အစည်း” ( Post capitalist society )ဟူ၍လည်းကောင်း “ပညာခေတ်” ( Age of knowledge )ဟူ၍လည်းကောင်း ၀ိဂြိုလ်ပြလာကြခြင်းဖြစ်သည်။

လူ့အသိုက်အမြုံ၏ ရှည်လျားထွေပြားစွာ ဆင့်ကဲပြောင်းလဲနေတဲ့ ၀ဲဂယက်ထဲတွင်  တစ်ခေတ်တစ်ခါက နန်းရင်ပြင်ဧည့်ခန်းဆောင်နှင့် တက္ကသိုလ်ကျောင်းတိုက်ကြီးများတွင်သာ လူ့အဖွဲ့အစည်း၏ အဆင်တန်ဆာအဖြစ် စံပယ်ခဲ့သော ပညာမှာ ဘ၀ထဲသို့ ခုန်ဆင်းလာသည်။ လူတို့၏ ဘ၀ရှင်သန်ရေးအတွက် မရှိမဖြစ် “ဘ၀ဂီယာ”ဖြစ်လာသည်။ ပညာ၏ ကိန်းတည်ရာမှာ စာအုပ်၊ ဒေတာဘဏ်၊ ဆော့ဝဲ(လ)ပရိုဂမ် စသည်တို့မဟုတ်။ ၄င်းတို့က သိုမှီးထားသည်မှာ ပညာမဟုတ်၊ အင်ဖော်မေးရှင်းတွေသာ ဖြစ်သည်။ တကယ့်ပညာအစစ်မှာ လူနှင့် ခွဲခွာမရ ဖြစ်လာသည်။ ပညာကို ဖန်တီးရာ၊ ပညာကို ပွားစည်းစေရာ၊ ပညာကို ဖြန့်ဝေရာ၊ ပညာကို အသုံးပြုရာမှာ လူသားကိုယ်တိုင် ဖြစ်လာသည်။ ပြောရလျှင် ပညာခေတ်သို့ ရောက်လာသည်နှင့် ပညာနှင့်ကင်းကွား၍ မရသော “လူ”မှာ လူ့အဖွဲ့အစည်း၏ ဗဟိုချက်မ နေရာသို့ ရောက်လာရသည်။

ဤတွင် “ပညာတတ်” ( Educated person ) ဆိုသည်၏ အဓိပ္ပာယ်ကို ပြန်လည်ဖွင့်ဆိုဖို့ အကြောင်းဖန်လာရတော့သည်။ “တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရရင် ပညာတတ်ပေါ့”ဟု ရှေးကလို လွယ်လွယ်ကောက်ချက်ချ၍ မရတော့။ “နိုက်”ခေါ် မြင်းစီးသူရဲကောင်းမှာ အလယ်ခေတ်၏ ပြယုဂ်ဖြစ်သလို၊ “ဘူဇွာ”ခေါ် ကြေးရေတက်မှာ အရင်းရှင်စနစ်၏ သင်္ကေတဖြစ်သလို၊ ပညာတတ် ပုဂ္ဂိုလ်သည် အရင်းလွန်ခေတ် (တစ်နည်း) ပညာခေတ်၏ အမှတ်အသားသရုပ် ဖြစ်လာရသည်။ သို့နှင့်အမျှ ပညာတတ်ဆိုသည်၏ အနွတ္တကိုယ်တိုင်မှာပင် အဓိပ္ပာယ်သစ်များ ပါဝင်လာရတော့သည်။
“ပညာတတ်’ ဆိုတာ ဘာကို ဆိုလိုတာလည်း”

“ပညာတတ်ဆိုတာ ဘာလဲ”ဆိုသော မေးခွန်းကို မဖြေမီ “စာတတ်ပေတတ်” (Literate person) ဆိုသည်ကို ပြန်လည် ဆန်းစစ်ဖို့ လိုလိမ့်မည်ထင်သည်။ အများနားလည်သိရှိထားသော သမားရိုးကျ အဓိပ္ပာယ်တို့ ဗြောင်းဆန်အောင် ပြိုနေ ပြောင်းနေသောကြောင့် ဖြစ်ပါသည်။

အရေး၊ အဖတ်၊ အတွက် “အသုံးလုံး”ကြေလျှင်၊ စာတတ် ပေတတ်ဖြစ်ပြီဟု အကြမ်းအားဖြင့် ဆိုနိုင်ပါသည်။ မမှားပါ။ သို့သော် မမှန်တော့။ အရေး၊ အဖတ်၊ အတွက်အပြင် နောက်ထပ် လိုအပ်ချက်တွေ တစ်သီကြီး လိုက်လာသောကြောင့် ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မိခင်ဘာသာစကား တစ်ခုတည်းကိုသာ ရေးတတ်ဖတ်တတ်ရုံမျှနှင့် စာတတ်ပြီဟု မခေါ်နိုင်တော့ပါ။ ကမ္ဘာသုံးဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ)တတ်ဖို့ လိုပါသည်။ သို့မှသာ “ကမ္ဘာ့အတိုင်းတာ စာတတ်မြောက်ခြင်း” ( Global literacy )ဟု ခေါ်နိုင်ပါလိမ့်မည်။ ပြောရလျှင် ဤမျှနှင့်ပင် မလုံလောက်သေးပါ။ ကွန်ပြူတာနှင့် မောင်းနေသော ပညာခေတ်တွင် “ကွန်ပြူတာတတ်ဖို့” ( Computer literacy )လည်း လိုအပ်ပါသည်။ ထို့ထက် မိမိ၏ လုပ်ငန်းဆောင်တာများကို ကွန်ပြူတာနှင့် ချိတ်ဆက်၍ အလုပ်လုပ်တတ်ရပါဦးမည်။ “ဒစ်ဂျစ်တယ် စာတတ်မြောက်ခြင်း” ( Digital literacy ) ဟုခေါ်ပါသည်။ ဤအရာအားလုံးတတ်ပါမှ စာတတ်ပြီဟု ခေါ်နိုင်ပါလိမ့်မည်။ ပညာတတ်တစ်ယောက်ဖြစ်ဖို့ ပထမဆုံး စာတတ်ရပါလိမ့်မည်။

ပညာတတ်တို့၏ ဂုဏ်အင်လက္ခဏာကို ဆက်လက်ဆန်းစစ်ကြည့်ကြမယ်…

၁။ လွန်ခဲ့သော စက်မှုခေတ်မှာ “အထူးပြု လေ့လာကြရသောခေတ်” ( Age of specialization )ဖြစ်သည်။ ပညာရပ်တစ်ခုခုကို၊ အထူးပြုတတ်မြောက်ပြီဆိုလျှင် ပညာတတ်ဟု ခေါ်နိုင်သည်။ ယခု မလုံလောက်တော့ပါ။ ပညာခေတ်တွင် ပညာရပ်အသီးသီးမှာ မိမိဘာသာ၊ ထီးထီးကြီး ကျောက်ချရပ်တည်နေ၍ မရတော့ပါ။ ပညာရပ်အားလုံး ဒွေးတင်ယှက်တက် ဆက်စပ်လာသည်။ ဥပမာ ဘောဂဗေဒတွင် သင်္ချာမှ “ခေးအော့ သီအိုရီ” ( Choas theory ) ပါလာသည်။ မနုဿဗေဒတွင် ဇီဝဗေဒမှ D.N.Aပုံစံခွဲပညာရောလာသည်။ သမိုင်းမှာ ဓာတုဗေဒလာ ကာဗွန်သက်တမ်း တွက်ချက်နည်းနှင့် တွဲလာရသည်။ ဤအခင်းအကျင်းသစ်တွင် ပညာတတ်တစ်ယောက်မှာ မိမိကျွမ်းကျင်ရာ ပညာရပ်တစ်ခုမျှနှင့် မလုံလောက်တော့ပါ။ “ပညာရပ်အားလုံး၏ လောကလုံးသဘော” ( Universalization of Knowledge ) ကိုဆုပ်ကိုင်မိဖို့ လိုလာပါသည်။ ဤသည်မှာ ပထမလိုအပ်ချက်(တစ်နည်း) ပထမဂုဏ်အင် ဖြစ်ပါသည်။

၂။ အထက်တစ်နေရာတွင် ဆိုခဲ့ပြီးသည့်အတိုင်း ပညာခေတ်တွင် ပညာမှာ အဆင်းတန်ဆာ သက်သက်မျှ မဟုတ်တော့ပါ။ လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်အင်အား ဖြစ်ပါသည်။ သို့အတွက် ပညာခေတ်၏ ပညာတတ်တယောက်မှာ ဓလေ့စရိုက်နှစ်ခုနှင့် အလုပ်လုပ်တတ်သူမျိုး ဖြစ်ဖို့လိုပါသည်။ စကားလုံးများနှင့် အိုင်ဒီယာများကို ဖိုးကပ်(စ)လုပ်ရသော “ပညာဓလေ့” ( Intellectual culture ) နှင့်၊ လူများနှင့် အလုပ်ကို ဖိုးကပ်(စ)လုပ်ရသော “မန်နေဂျာဓလေ့” ( Manager cluture ) တို့ ဖြစ်ပါသည်။ အကယ်၍ ပညာဓလေ့ကို မန်နေဂျာဓလေ့နှင့် ချိန်ခွင်လျှာမညှိနိုင်လျှင် “လူတိုင်း ကိုယ့်အလုပ်ကို လုပ်ကြသော်လည်း ဘာအလုပ်မှ မအောင်မြင်”ဆိုသော အနေအထားသို့ ရောက်သွားနိုင်သည်။ အလားတူ မန်နေဂျာဓလေ့ကို ပညာဓလေ့နှင့် မထောက်ကူနိုင်လျှင်လည်း “အလုပ်မှာ ဗျူရိုကရေစီ၏ အစေစားခံ”ဖြစ်သွားပါလိမ့်မည်။ သို့အတွက် ဓလေ့စရိုက်နှစ်မျိုးလုံးနှင့် လုပ်တတ်ကိုင်တတ်ပါမှ ပညာတတ် မည်ပါလိမ့်မည်။ ဤသည်ပင် ပညာတတ်တို့၏ ဒုတိယဂုဏ်အင် ဖြစ်တော့သည်။

၃။ ပညာခေတ်မှာ ပညာပေါက်ကွဲမှုကာလကြီးလည်း ဖြစ်ပါသည်။ ဤအကြောင်းကို ဆိုခဲ့ပြီးပြီ။ ပြောလိုသည်မှာ ပညာများ အဆက်မပြတ် ပေါက်ကွဲလျှံကျနေသည်ဖြစ်ရာ ပညာရပ်အသီးသီး၏ အမှန်သက်တမ်းမှာ တဖြည်းဖြည်းတိုတောင်းလာသည်ကို သတိပြုမိကြဖို့ ဖြစ်ပါသည်။ ဤအခြေအနေတွင် မည်သည့်ပညာတတ် ပုဂ္ဂိုလ်မှ မိမိပိုင်နိုင်ကျွမ်းကျင်သည့် ပညာရပ်တစ်ခုတည်းနှင့် ရာသက်ပန် ပုရောဟိတ်လုပ်လို့ မရနိုင်တော့ပါ။ သို့နှင့်အမျှ “စဉ်ဆက်မပြတ် ပညာသင်ကြားရေး” (Continual learning) သည်ပင် ပညာတတ်တို့၏ နောက်ထပ် ဂုဏ်အင်တစ်ခု ဖြစ်လာရတော့သည်။ ဤနေရာတွင် “မေဂျီပြုပြင်ပြောင်းလဲရေး”ခေတ်က ထင်ရှားခဲ့သော၊ ဂျပန်လူမျိုးပညာရှင် “ယူကီချီ ဖူကူဇ၀ါ”၏ ဖွင့်ဆိုချက်မှာ အသုံးတည့်လိမ့်မည်ထင်သည်။ “ဖူကူဇ၀ါ”က “ပညတတ်ဆိုသည်မှာ၊ ဆက်လက်ပညာသင်ကြားလိုသော ဆန္ဒရှိပြီး၊ ပညာသင်ကြားနိုင်စွမ်းလည်းရှိသော ပုဂ္ဂိုလ်မျိုးသာ ဖြစ်သည်”ဟု အဓိပ္ပာယ်ဖွင့်ခဲ့သည်။

၎။ ပညာခေတ်တွင် ပညာကိုကိုင်၍ အလုပ်လုပ်သူ “ပညာအလုပ်သမား” ( Knowledge worker ) သာမက အသစ်အသစ်သော ပညာများကို ပွားစည်းစေသည့် “ပညာဖန်တီးသူ” ( Knowledge creator )များ မွေးထုတ်ဖို့လည်း အရေးကြီးပါသည်။ သို့နှင့်တိုင် ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှအစ၊ နိုင်ငံတော်တော်များများမှာ “ပညာအလုပ်သမား”နောက်သို့သာ တစ်ကောက်ကောက်လိုက်နေကြပြီး ပညာဖန်တီးသူ၏ အခန်းကဏ္ဍကိုမူ မေ့လျော့နေကြသည်။ ဤပုံအတိုင်းသာသွားလျှင် အမေရိကန်ပြည်ထောင်စုလို ထိပ်သီးနိုင်ငံများမှာပင် သက္ကရာဇ်(၂၀၅၀) အရောက်တွင် “ပညာရှားပါးမှု” ( Knowledge shortage )နှင့် ကြုံရလိမ့်မည်ဟု ခန့်မှန်းချက်များ ရှိနေသည်။ သို့အတွက် ပညာတတ်တစ်ယောက်၏ တာဝန်မှာပညာကို အသုံးချနိုင်ရုံမျှနှင့်မပြီး ပညာကို ဖန်တီးနိုင်ရမည်ဟုလည်း ဆိုပါသည်။ စင်စစ် ပညာဆိုသည်မှာ “သိပြီးသားနယ်မြေ”ဟု ဆိုနိုင်သော်လည်း ဘ၀မှာ မသိသေးသောနယ်မြေသာ ဖြစ်ပါသည်။ သိပြီးပညာနှင့် မသိသးသောနယ်မြေကို ထောက်လှမ်းနိုင်မှသာ ဘ၀တွင် ငုတ်နေသော ပညာအသစ်များကို ဖော်ထုတ်နိုင်ပါလိမ့်မည်။ ဤသည်ပင် သုတေသန အလုပ်ဖြစ်ပါသည်။ သို့အတွက် ပညာခေတ်တွင် သုတေသနနှင့် မချိတ်ဆက်နိုင်လျှင် ပညာတတ် မလုပ်နိုင်တော့ပါ။

၅။ သုတေသီများ၏ တွက်ချက်မှုအရ၊ ပညာနယ်ပယ်အသီးသီးမှ အမေးပုစ္ဆာများမှာ (၃)နှစ်လျှင် (၂)ဆမျှ တိုးနေသည်ဟု သိရပါသည်။ ဤမေးခွန်းများ၏ ၇၅%ကို ယခုတိုင် တိတိပပ အဖြေမပေးနိုင်သေးဟုလည်း သိရသည်။ ဤအချက်က ဘာကိုဖော်ပြနေသနည်းဆိုလျှင် ပညာပေါက်ကွဲမှုကာလကြီးတွင် မည်သည့်ပညာကိုမှ “ဘယ်တော့မှ မမှားနိုင်သောအမှန်”အဖြစ် အရမ်းအကန်းမယုံကြည်မိဖို့ ဖြစ်ပါသည်။ ဝေဖန်ဆန်းစစ်သော “၀ိဘဇ္ဇ၀ါဒ”ဖြင့်၊ အမြဲတစေ မေးခွန်းထုတ်နေဖို့ လိုအပ်ပါသည်။ ဤသည်ကို ပညာရှင်များက “ပဋိပညာ” ( Anti knowledge )ဟု အမည်ပေးထားသည်။ တည်ရှိပြီး ပညာများကို အနုလောမနည်းနှင့် လေ့လာရုံမျှမက ပဋိလောမနည်းနှင့် ဆန်းစစ်ကြဖို့ ဖြစ်ပါသည်။ “ပဋိ”ကို မကိုင်နိုင်လျှင် ပညာတတ်မမည်ဟူ၍ပင် ပြောဆိုလာကြသည်။

ဤသည်တို့မှာ စဉ်ဆက်မပြတ် ပွားစည်းလျက်ရှိနေသော “ပညာတတ်”ဆိုသည်၏ ဖြည့်စွက်အဓိပ္ပာယ်များ ဖြစ်ပါသည်။

၂၁.၄.၂၀၁၄

http://www.myanmarengineer.org/forums/forum.php

Viewing all articles
Browse latest Browse all 98

Trending Articles