Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

ဗုဒ္ဓတရားတော်နဲ့ အမေရိကန် စီးပွားရေးသမားများ ရပ်ဝန်း

$
0
0

၂၁ ရာစုရဲ့အစ ဒီဘက်ကနဦး ကာလတွေမှာတော့ အမေရိ ကန်စီးပွားရေး စကြဝဠာမှာ ဗုဒ္ဓဘာသာ တရားအားထုတ်နည်းက ခေတ်စားလျက် ရှိတယ်။ ဘာ့ကြောင့်များပါလိမ့်....မေးချင်စရာ...သိချင်စရာတွေ။

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုယ်တိုင် တရားထိုင်တာတွေ လုပ်လာကြတယ်။ ပြီးတော့ သူတို့ရဲ့ ကုမ္ပဏီလုပ်ငန်းခွင်မှာလည်း တရားအားထုတ်နည်း သင်တန်းတွေ ပို့ချသင်ကြားပေးလာကြတယ်။ တရားအားထုတ်မှုဟာ စီးပွားရေးသမားတွေရဲ့ အသိုင်းအ ဝိုင်း ထဲမှာ လှုပ်ရှားမှု- Movement တစ်ရပ် အသွင်သဏ္ဌာန် ဆောင်လာတယ်။

ရှာဖွေရေးဘီလူးကြီး- Search Giant လို့ နာမည်ကြီးတဲ့ Google ဟာ ၎င်းတို့ရဲ့ ကုမ္ပဏီလုပ်ငန်းခွင်အတွင်း 'သင့်ရဲ့ အဇ္ဈ တ္တထဲမှာ ရှာဖွေပါ'အမည်တပ်ထားတဲ့ သင်တန်းတစ်ခုဖွင့်လှစ်ပြီး တရားအားထုတ်နည်း သင်ကြားပို့ချပေးတယ်။ လူကြိုက်များတာ တွေ့မြင် လာကြရတော့ တရား အားမထုတ်မီ အကြိုသင်တန်းဖြစ် တဲ့ 'အတ္တစိတ်အာရုံ အပိုင်းပိုင်း ပြတ်အောင် ခုတ်ထစ်နည်း'သင်တန်းနဲ့ 'သင့်စွမ်းအားကို စီမံခန့်ခွဲ ခြင်း'သင်တန်းတွေ ထပ်မံတိုးချဲ့ သင်ကြားပေးတယ်။


ဒါနဲ့ပြီးသလားဆိုတော့ မပြီးသေးဘူး။ ကုမ္ပဏီပရဝုဏ် အတွင်းမှာ ဝင်္ကဘာတစ်ခု တည်ဆောက်ပြီး ဘယ်သူပဲဖြစ်ဖြစ် ဝင်္ကဘာထဲ လမ်းလျှောက်ရင်းနဲ့ တရား မှတ်နိုင်အောင် စီမံဆောင်ရွက်ပေး ထားသေးတယ်။

ခုတော့ ကုမ္ပဏီတွေ အကြားမှာ တရားအားထုတ်မှုဟာ အပြိုင်အဆိုင် ယှဉ်ပြိုင်ပွဲတစ်ခုလို ဖြစ်လာနေပါပြီ။ EBay ကလည်း ကုမ္ပဏီ တွင်းမှာ တရားစခန်းတွေ ဖွင့်လှစ်ထားတယ်။ တရားထိုင်ခန်းတွေ လုပ်ပေးတယ်။ တရားထိုင်ကြသူတွေအတွက် အောက်ခံ အခင်း တွေအပြင် ပတ်ဝန်းကျင် ပသာဒ ဖြစ်အောင် ပန်းအိုးတွေ ဘာတွေ အစုံအလင်နဲ့။

Twitter နဲ့ Facebook တို့ကလည်း သတိတရား ပျိုး ထောင်ရေး ပြိုင်ပွဲမှာ နောက်ကျ မကျန်ရစ်အောင် ကြိုးပမ်းနေကြတယ်။ ယခင် Twitter တည်ထောင်ခဲ့သူများအနက် တစ်ဦးအပါအဝင် ဖြစ်တဲ့ Evan Williams ကလည်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Obvious Corporation မှာ လုပ်ကိုင် နေကြသူတွေ အချိန်မှန်မှန် တရားထိုင်နိုင်အောင် အခန်းတွေ သီးသန့်လုပ်ပေးထားတယ်။
ဒီလို တရားထိုင်တဲ့အလေ့အကျင့်ဟာ စီလီကွန်တောင်ကြား- Silicom Valley လို့ခေါ်တဲ့ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် စက်မှု လုပ်ငန်းများ ပေါက်ပွားရှင်သန်ရာ နယ်ပယ်အကွက်အကွင်း အဝိုင်းအဝန်းထဲမှာသာ ကြီးထွားနေတာ မဟုတ်ပါဘူး။ အမေရိကန် စီးပွားရေးလောက တစ်ခုလုံးမှာ ပြန့်နှံ့ဖြစ်ပေါ်နေတာပါ။

ဘီလီယံနာ သူဌေးကြီး Rupert Murdoch က သူလည်း တရားထိုင်တာ စိတ်ဝင်စားကြောင်း ၂ဝ၁၃ အစောပိုင်းကာလမှာ တွစ်- Tweet လုပ်ခဲ့တယ်။ ပြီးတော့ ငွေ ကြေးစီမံခန့်ခွဲမှု စီးပွားရေးလုပ်ငန်းမှာ နာမည်ကြီးတွေ ဖြစ်ကြတဲ့  Bridgewater Associates က Ray Dalio နဲ့ PIMCO u Bill Gross တို့ကလည်း သူတို့ဟာ နေ့စဉ်မှန်မှန် တရားထိုင်ကြသူတွေဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြ တယ်။ Ray Dalio ဆိုရင် သူ စီးပွားရေးလုပ်ငန်းမှာ ခုလို အောင် မြင်လာတာဟာ တရားထိုင်တဲ့ အတွက်ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့ ပါသေးတယ်။

ဒီတော့ အမေရိကန်စီး ပွားရေး လုပ်ငန်းရှင်ကြီးတွေ ဘာကြောင့် ဗုဒ္ဓဘာသာထဲက တရား ထိုင်နည်းကို စိတ်ဝင်စားလာကြတာလဲ။ ဒီအကြောင်း မပြောခင် အမေရိကန်တွေရဲ့ ပင်ကိုစိတ်ဓာတ်နဲ့ သူတို့ရဲ့ ခရစ်ယာန်ဘာသာ ယုံကြည်မှုအကြောင်း ကြိုကြို တင်တင် တစေ့တစောင်း သိနားလည်ဖို့ လိုတယ်။
အမေရိကန်တွေရဲ့ ပင်ကိုစိတ်ဓာတ်က လွတ်လွတ်လပ်လပ် နေထိုင်ပြောဆိုလုပ်ကိုင်တာကို သဘောကျကြတယ်။ လွတ်လပ် စွာ ပြောမယ် ဆိုမယ် လုပ်မယ် ကိုင်မယ် နေထိုင်ချင်သလို နေထိုင်မယ်။ စိတ်လွတ် ကိုယ်လွတ် နေထိုင်ပြုမူရေးဝါဒ- Bohemianism နဲ့ နီးစပ်တယ်။

အမေရိကန်နိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ များတယ်ဆိုပေမယ့် အဓိကအားဖြင့် ပရိုတက်စတင့်- Protestant ခရစ် ယာန်ဂိုဏ်း သားတွေများတယ်။ ပရိုတက်စတင့်ဂိုဏ်းဟာ ဘရင်ဂျီ ဂိုဏ်းလို့ ခေါ်ကြတဲ့ ရိုမန်ကက်သလစ်ဂိုဏ်း- Roman Catholics ထက် ပိုပြီး လွတ်လပ်တယ်။
အစဉ်အလာအားဖြင့် ရိုမန်ကက်သလစ်ဂိုဏ်း- RC ကို ခရစ်တော်ကိုယ်တိုင် ထူထောင်ခဲ့တယ်လို့ ယုံကြည်ကြတယ်။ ပထမဆုံး ပုပ်ရဟန်းမင်းက စိန့်ပီတာ ဖြစ်တယ်။ RC ရဲ့ ဂိုဏ်းချုပ်ကတော့ ပုပ်ရဟန်းမင်းပါပဲ။ ၁၅၁၇ ခုနှစ်မှာ ခရစ်ယာန် တရားဟောဆရာ တစ်ဦးက ဂျာမနီနိုင်ငံ ဝစ်တင်းဘတ်မြို့က ဘုန်းတော်ကြီး မာတင်လူသာ- Martin Luther ဆီ ရောက်လာပြီး ဘုရားသခင်ရဲ့ အပြစ် မှ ကင်းလွတ်ခွင့်ပေးတဲ့ သဝဏ်လွှာတစ်စောင်လာရောင်းတယ်။ အဲဒီသဝဏ်လွှာကို သတ်မှတ်ငွေကြေးနဲ့ ဝယ်ယူသူကို ဘုရားသခင် က အပြစ်မှ ခွင့်လွှတ် ပေးမယ်လို့ ဆိုတယ်။

ဒီလို သဝဏ်လွှာရောင်းချမှုနဲ့ ပတ်သက်ပြီး မာတင်လူသာက ပုပ်ရဟန်းမင်းကို ဝေဖန်တယ်။ နောက်ပိုင်းမှာ လူသာဟာ RC ဂိုဏ်း က ခွဲထွက်လိုက်တယ်။ အစောပိုင်းမှာ လူသာဂိုဏ်းလို့ အမည်တွင်ပေမယ့် ကာလကြာလာတော့ ပရိုတက်စတင့်ဂိုဏ်း အဖြစ် ထင်ရှားလာတယ်။ လူသာဟာ လက်တင်ဘာသာနဲ့ ရေးထားတဲ့ သမ္မာကျမ်း- Bible ကို ဂျာမန် ဘာသာ ပြန်ဆိုရေးသားခဲ့တယ်။ ဒီ လို ဘာသာပြန်ဆိုမှုဟာ အဲဒီခေတ်က ဘာသာရေးပြစ်မှု ကျူးလွန်တာပါပဲ။ ဒါပေမယ့် ဂျာမန်စာပေ ထွန်းကားလာခြင်းဟာ လူသာရဲ့ ဘာသာပြန်ဆိုခဲ့မှုကြောင့်လို့ ဆို ကြတယ်။

၁၉ဝ၅ ခုနှစ်မှာ ဂျာမန် လူမှုစီးပွားပညာရှင် Max Weber က "The Protestant Ethic and the Spirit of Capitalism"  ဆိုတဲ့ ကျမ်း တစ်စောင် ရေးသားခဲ့တယ်။ အဲဒီကျမ်းမှာ Weber က လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်တဲ့ ပရိုတက်စတင့် လူကျင့်ဝတ်တရားက အရင်းရှင်ဝါဒ တိုးတက်လာအောင် တွန်းပို့မြှင့်တင်ပေးခဲ့တယ်လို့ ဖော်ညွှန်းထားတယ်။

ခုတော့ အရင်းရှင်ဝါဒ ဆက်လက်ရှင်သန်ဖို့အတွက် ဗုဒ္ဓဘာသာရဲ့ လူ့ကျင့်ဝတ်တရားကအရေးပါလာတော့မယ်လို့ ထင်မြင် ယူဆနေ ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတက်စတင့်က ဆင်ခြင်တုံတရားနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကို အလေးပေးတယ်။ ဗုဒ္ဓ ဘာသာကတော့ သတိတရား- Mindfulness ကို ရှေ့တန်းတင်တယ်။ (ဗုဒ္ဓဘာသာမှာ သတိတရားကိုပဲ အပ္ပမာဒတရားမမေ့ မလျော့ခြင်း တရားလို့ ခေါ်တယ်။ သတိပဋ္ဌာနသုတ်ဟာ သတိတရားပွားများဖို့ ဗုဒ္ဓဟောကြားတဲ့ တရားတော် ဖြစ်တယ်။) သတိ တရား ပွားများချင်ရင် နေ့စဉ်နေ့တိုင်း လုပ် နေကြရတဲ့ အလုပ်တာဝန်မှ ခဏ တစ်ဖြုတ်နားပြီး တရားထိုင်ရတယ်။

ဒီကနေ့ အမေရိကန် ကော်ပိုရိတ်လောကမှာ အမြဲလိုလို ကြားသိနေကြရတဲ့စကားက မိမိကိုယ် ထိန်းချုပ်ရေး မဟုတ်တော့ဘူး။ သတိတရားပွားများရေး ဖြစ်လာနေပါပြီ။ Apple ကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့တဲ့ Steve Jobs ဟာ လူငယ်ဘဝတုန်းက အိန္ဒိယနိုင်ငံ သွားရောက်ပြီး တရားထိုင်တာတွေ လုပ်ခဲ့ဖူးပါသတဲ့။ အဲဒီနောက်ပိုင်းမှာ သူဟာ ဇင်ဗုဒ္ဓဘာသာ- Zen Buddhism အကြောင်း တွင် တွင် ပြောလာခဲ့တယ်။ သူ့ရဲ့ တီထွင်ဖန်တီးမှုတွေအပေါ် ဇင်တရားတွေ လွှမ်းမိုးမှုရှိကြောင်း သူက ဆိုတယ်။

သတိတရားပွားများမှု တွင်ကျယ်လာရတဲ့အကြောင်း သုံးချက်ရှိတယ်လို့ ထောက်ပြကြတယ်။ ပထမအချက်ကတော့ ဆန်းသစ် တီထွင်ထားကြတဲ့ အီလက်ထရွန်နစ် ကိရိယာ သဗ္ဗရနံ့ပေါင်းစုံက အမြဲလိုလို ကျယ်ကျယ်တစ်မျိုး တိုးတိုးတစ်ဖုံနဲ့ လူတွေ သည်း ညည်းမခံနိုင်လောက်အောင်နှိပ်စက်လျက်ရှိတယ်။ ဒီအီလက်ထရွန်နစ်ကိရိယာတွေက လူတွေရဲ့ စိတ်အာရုံတွေ ထွေပြားအောင် နေ့ စဉ်နေ့တိုင်း ထုထောင်းနေကြ တယ်။ လူတွေရဲ့ နားနေအပန်းဖြေ ချိန်ကို ကျူးကျော်ဝင်ရောက် နေရာ ယူလာကြတယ်။

ဒီအီလက်ထရွန်နစ်ကိရိယာတွေဟာ သူတို့ဘာသာသူတို့ ရှင်သန်ကြီးထွားနေကြတယ်။ လူတွေဟ တွစ်လုပ်လေ၊ Twitter နောက် လိုက်တွေက ပြန်ပြီး တွစ်တာတွေ ပွားလာလေ ဖြစ်တယ်။ ဒီကိရိယာတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ ပလက်ခေါင်းဖြုတ်တဲ့ အကောင်းဆုံး နည်းလမ်းကတော့  တရားထိုင်ဖို့ ဒါမှမဟုတ် သတိတရား ပွားများဖို့ပဲ ဖြစ်တယ်။

ဒုတိယအချက်ကတော့ သူ့ထက်ငါ ကြီးပွားချမ်းသာလိုဇော နဲ့ အတောမသတ်နိုင်တဲ့ ဝိသမ လောဘတောကြီးထဲမှာ အလုအ ယက် ယှဉ်ပြိုင်အနိုင်ယူနေကြခြင်း ဖြစ်တယ်။ ရုပ်ဝတ္ထုအရ ပစ္စည်းဥစ္စာ တိုးပွားအောင်မြင်ရေးအတွက် ကြိုးပမ်းရာမှာ ကော်ပိုရိတ် များအတွင်း ကျော်မကောင်း ကြားမကောင်းတဲ့ အပုပ်နံ့တွေ လှိုင်နေတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေအနေနဲ့ လောကကြီးက စိတ်ပျက်စရာ ဖြစ်လာတယ်။ ဒါပေမယ့် သတိတရားက ရုပ်ဝတ္ထုပိုင်ဆိုင်မှုထက်ပိုပြီး အောင်မြင်နိုင်စရာတွေ ရှိသေးတယ် လို့ ဖော် ညွှန်း တယ်။
တတိယအချက်ကတော့ ရှင်းပါတယ်။ အမေရိကန်နိုင်ငံမှာ သတိတရား ပွားများရေးကိုယ်နှိုက်က စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ် လာနေတယ်။

သတိတရား ပွားများရေး လှုပ်ရှားမှုဟာ အမေရိကန် ပြည်ထောင်စုမှာ တိုးပွားကြီးထွားလျက် ရှိတယ်။ ရွေးချယ်စရာ ဂုရုဆရာ ကြီးတွေကလည်း တစ်ပုံကြီး။ Google ရဲ့ 'သင့်အဇ္ဈတ္တထဲမှာ ရှာဖွေပါ'ဆိုတဲ့ အစီအစဉ်ရဲ့ နောက်ကွယ်မှ ဆရာဂုရုကြီး ကတော့ Chade-Meng Tan  ဖြစ်တယ်။ ယောဂနဲ့ တရားထိုင်ပုံထိုင်နည်း နည်းပြဆရာကြီးဖြစ်တဲ့ Soren Gordhamer က  Wisdom Z.O ဆို တဲ့ သတိတရားပွားများရေး ကွန်ဖရင့်များ ကျင်းပလျက်ရှိတယ်။ ပြီးတော့ Goldman Sachs ရဲ့ ဒါ ရိုက်တာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ် တဲ့ Bill George ကလည်း Harvard Business School မှာ သတိတရားပွားများရေးသင်တန်း ပို့ချ နေတယ်။ ကျောင်းသားတွေ ဟာ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ သူ ရည်ရွယ်တယ်လို့ ဆိုတယ်။ သူတို့လို သတိတရား ပွားများရေးနဲ့ စီးပွား ရှာနေကြသူတွေကတော့ အမေရိကမှာ အများကြီးပါပဲ။

ဒီကနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ အင်မတန်ကြီးမားပြီး ခက်ခဲရှုပ်ထွေးလာတယ်။ ပြဿနာတွေကလည်း ပေါင်းစုံ။ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်ရပ်တွေကလည်း ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလို ဖြစ်နေတယ်။ လွန်ခဲ့တဲ့ နိုဝင် ဘာလ ၁၄၊ ၁၅ရက်နေ့များက စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု စိတ်ဝင်စားကြတဲ့ ပုဂ္ဂိုလ်တွေက သြစတြီးယားနိုင်ငံ ဗီယန်နာမြို့တော် မှာ ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့ကြတယ်။ သူတို့က ဟို့အရင်ကထက် ပိုမိုရှုပ်ထွေးလာတဲ့ စီးပွားရေးအကြောင်းနဲ့ အဲဒီလို ရှုပ်ရှုပ်ထွေးထွေး ဖြစ် လာတဲ့ စီးပွားရေးများကို ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုတဲ့ အကြောင်းများကို အဓိကထား ဆွေး နွေးခဲ့ကြတယ်။
နည်းပညာ တိုးတက်လာတဲ့အတွက် လုပ်ငန်းကိုင်ငန်းတွေ အရင်ကထက် လွယ်ကူချော မွေ့လာတယ်လို့ ဆိုနိုင်ပေမယ့် စီးပွားရေး သမားတွေအနေနဲ့ အစစ အရာရာမှာ ယခင်ကထက် ပိုပြီး များပြားတာနဲ့ ရင်ဆိုင်နေရတယ်။ ၂ဝ၁၃ မှာ ကျင်းပခဲ့တဲ့  Shanghai Global Electronic Forum မှာ အီလက်ထရွန်နစ်ပစ္စည်းသစ် အမယ်ပေါင်း ၂၂ဝဝဝ နဲ့ ဆုံစည်းခဲ့ကြရတယ်။ ဒိပြင်ကိစ္စတွေကို ထည့် မပြော ကြနဲ့ဦး။ ပစ္စည်းတွေကို စုံစုံစေ့စေ့ လိုက်ကြည့်ဖို့တောင် မလွယ်ဘူး။

ပြီးတော့ Apple  ရဲ့ ဝင်ငွေ ၆ဝ ရာခိုင်နှုန်းဟာ သက်တမ်းအားဖြင့် လေးနှစ်တောင် မပြည့်သေးတဲ့ ထုတ်ကုန်သစ်တွေ ရောင်း ချရာမှ ရရှိတယ်။ ဒါက ဘာကိုဖော်ညွှန်းသလဲဆိုတော့ Apple အနေနဲ့ လူကြိုက်များတဲ့ ထုတ်ကုန်သစ်တွေ ဆက်တိုက် မထုတ်လုပ်နိုင်ရင် သူတို့အတွက် အနာဂတ်ဟာ မသေချာဘူး။ ဒီခေတ်မှာ လုပ်ငန်းတစ်ရပ် ရှင်သန်ရပ်တည်ချင်ရင် အမြဲလိုလို ဆန်းသစ်ပြောင်းလဲနိုင်ရ မယ်။ မဟုတ်ရင် လုပ်ငန်းဟာ ချက်ချင်း ပြိုလဲသွားနိုင်တယ်။
ဒီကနေ့ စီးပွားရေးသမားတွေဟာ အဲသလို ရှုပ်ထွေးမှုတွေကို ရိုးရိုးရှင်းရှင်းနည်းတွေနဲ့ အဖြေရှာဖို့ ကြိုးပမ်းလာကြတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာနည်းနဲ့ တရားထိုင်တာ ဒါမှမဟုတ် သတိတရားပွားများဖို့ ကြိုးစားလာတာတွေ ပါဝင်လာတယ်။ ဒီနည်းတွေကတော့ တကယ့်ကို အရှုပ်အထွေး ဖြေရှင်းနည်းတွေပါပဲ။ တရားထိုင်တဲ့ အလေ့အကျင့်ရလာရင် စိတ်ဟာတည်ငြိမ်လာတယ်။ တည်ငြိမ်တဲ့ စိတ်မှာ ဥာဏ်ပေါ်တယ်။ အဲဒီက တစ်ဆင့် ပညာဖြစ်လာတယ်။

တရားထိုင်သူတစ်ဦးရဲ့ စိတ်ထဲမှာ ပညာဖြစ်လာတာနဲ့ အပိုတွေကို မြင်လာတယ်။ ဒီအပိုတွေကို ဖယ်ရှားလိုက်တာနဲ့ စိတ်ဟာ လင်းသွားတယ်။ စိတ်ချမ်းမြေ့သွားတယ်။ အရှုပ်အထွေးတွေကြားမှာ ရှင်းအောင် နေတတ်ထိုင်တတ်လာတယ်။ အယူအစွဲ ပလပ်ခေါင်းကို ဖြုတ်တတ်တယ်။ ပြန်တပ်ချင်တဲ့အခါ တပ်တတ်တယ်။ ဆိုလိုတာကအစွဲကို စွဲတတ်တယ်။ အစွဲကို ဖြုတ်တတ် တယ်။ တရား အမြဲထိုင်သူတွေဟာ ရေထဲ ခုန်ချသလိုပဲ။ ရေမစိုချင်လို့ မရဘူး။ 'တရားရေ'ကတော့ စိုမှာပဲ။
လောလောဆယ်မှာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တရားထိုင်တာကို ကမ္ဘာက စောင့်ကြည့်နေကြပါသတဲ့။ ဒီစီးပွားရေး သမားကြီးတွေရဲ့ လုပ်ရပ်ကြောင့် အမေရိကန်နိုင်ငံရဲ့ အရင်းရှင်ဝါဒ ဘယ်လို များ ပြောင်းလဲဖြစ်ပေါ်လာမလဲလို့။

Ref : Schumpeter : "The Mindfulness Business" The Economist, Nov 16, 2013.
21,3,2014

http://www.zaygwet.com/eco_opinion.php?id=276

Viewing all articles
Browse latest Browse all 98

Trending Articles