Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

မဟာဗျူဟာ

$
0
0




စီးပွားရေးမဟာဗျူဟာ
********************

လူငယ်အတော်များများ စီးပွားရေးလုပ်ကိုင်ကြပေမယ့် မဟာဗျူဟာနဲ့ အလုပ်လုပ်လေ့ရှိတာ မတွေ့ ရဘူး၊ မဟာဗျူဟာ-ဟာ နေရာတိုင်းမှာ ရှိသင့်ပါတယ်၊ လူ့ဘဝဟာ အချိန်အကန့်အသတ်တွေ ရှိနေတယ်၊ ဘာ အလုပ်မှမလုပ်ခင် သေသေချာချာစဉ်းစားသူနဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး လုပ်ကိုင်ကြသူနှစ်ဦးကြားမှာ ကြီးမားတဲ့အကွာအခြားနဲ့ အောင်မြင်မှုတွေ မတူညီကြတာ တွေ့ရပါလိမ့်မယ်၊ တချို့တွေ အလုပ်ခဏခဏ ပြောင်းပြီး၊ နောက်ဆုံးအရွယ်လွန်တဲ့အထိ ဘာမှဖြစ်မလာကြတာတွေကို ပတ်ဝန်းကျင်မှာ အများကြီး တွေ့နိုင်ပါ တယ်၊ မဟာဗျူဟာမဲ့လို့ဖြစ်ပါတယ်၊ ဦးဆုံး အခြေခံအနေနဲ့ စဉ်းစားသင့်တယ်၊

.
Wisdom is knowing "what to do"?
**************************************
လုပ်ငန်းရွေးချယ်မှု ဖြစ်ပါတယ်၊ ဘယ်လုပ်ငန်းမျိုးကို လုပ်မလဲဆိုတာ မေးခွန်းဖြစ်လာပါလိမ့်မယ်၊ တစ်ခါတလေ ကိုယ်ရခဲ့တဲ့ဘွဲ့နဲ့ ဆက်စပ်တဲ့အလုပ်မျိုးကို လုပ်တတ်ရသလို၊ တစ်ခါတလေ အဆက်အစပ်မရှိတဲ့ အလုပ်တွေကို လုပ်နေကြတာလည်း တွေ့ရပါလိမ့်မယ်၊ စာရေးသူရဲ့ မူလဘွဲ့က ဗိသုကာပါ၊ ဗိသုကာပညာရပ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ သုံးသပ်မိတာနဲ့ စီးပွားရေး ဘက်ကို လုပ်ငန်းပြောင်းလိုက်ပါတယ်၊ တချို့ကျတော့လည်း ကိုယ်အထူးပြုယူခဲ့တဲ့ ပညာရပ်အပေါ်မှာ ပျော်မွေ့ ပြီး အဲဒီ ပညာရပ်နဲ့ပဲ ဘဝကို တည်ဆောက်သွားမယ်ဆိုတဲ့သူမျိုးကျတော့ တစ်မျိုးပေါ့၊ တချို့ကြတော့လည်း တိုးတက် ချင်တယ်၊ တိုးတက်ပြီးမှ ကိုယ်ဝါသနာပါရာကို လုပ်မယ်ဆိုတဲ့ လူမျိုးကျတော့လည်း တစ်မျိုး စဉ်းစားကြရပါ တယ်၊

ကိုယ့်ဘဝကို တစ်စုံတစ်ရာတိုးတက်စေမယ့် အလုပ်မျိုးကို ရွေးချယ်နိုင်တာက အားလုံးထဲမှာ အခြေခံ ကျကျ အရေးအကြီးဆုံး ဖြစ်ပါတယ်၊ 1970s ကာလတွေမှာ စာအုပ်ထုတ်ဝေရေးကို ဝါသနာအရ လုပ်ခဲ့ဖူးပါ တယ်၊ ၁၉၉၁-မှာ အငြိမ်းစားယူပြီး စီးပွားရေးလုပ်တယ်၊ စာရေးခြင်း၊ စာအုပ်ထုတ်ဝေခြင်းကို ဦးစားပေး မလုပ်နိုင်ခဲ့သေးပါဘူး၊ စီးပွားရေးဘက်မှာ ကောင်းကောင်းအခြေကျတော့မှ ၁၉၉၃-လောက် မှာ “ဈေးကွက်စီးပွားရေးဂျာနယ်” နဲ့ “ရွှေစည်းစိမ်”မဂ္ဂဇင်းစာစောင်ကို ထုတ်ခဲ့တယ်၊ ၁၉၉၇-ကျတော့မှ တစ်ကျော့ပြန် စာတွေကို ဆက်တိုက် ရေးသားနိုင်ခဲ့ရပါတယ်၊

ဆိုရရင် … ဘဝမှာ လုပ်သင့်တာတစ်ခု၊ လုပ်ချင်တာက တစ်ခုပါ၊ တစ်ထပ်တည်းကျနိုင်သလို တစ်ထပ် တည်းမကျတဲ့ အရေအတွက်က ပိုပါလိမ့်မယ်၊ တစ်ထပ်တည်းမကျခဲ့ရင်တော့ … လုပ်သင့်တဲ့အလုပ်ကို ဆုံးဖြတ် ပြီးလုပ်ရပါမယ်၊

.
Skill is knowing "how to do"
*******************************
လုပ်ငန်းရွေးချယ်ပြီးပြီဆိုရင်တော့ အဲဒီလုပ်ငန်းကို ဘယ်လိုအောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ အတတ်ပညာပိုင်း ပါလာပြန်ပါပြီ၊ ကျွမ်းကျင်မှုပိုင်း ဆိုပါတော့၊ အဲဒီမှာ စီမံခန့်ခွဲမှုပညာကို မေ့ထားလို့ မရတော့ ပါဘူး၊ စီမံခန့်ခွဲမှုပညာဘွဲ့မရရင်တောင်မှ စီမံခန့်ခွဲမှုပညာ တတ်ကျွမ်းကျင်သူတွေကို ခေါ်ယူ အသုံးပြုသင့်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း အခြေခံ သဘောတရားတွေကို တတ်ထားသင့်တယ်။ စီမံခန့်ခွဲမှုပညာဟာ လုပ်ငန်း တစ်ခု အောင်မြင်ခြင်းရဲ့အသက်လည်း ဖြစ်ပါတယ်၊ စီမံခန့်ခွဲမှုပညာမှာ ပြောစမှတ်လေးတစ်ခု ရှိပါတယ်၊

“ကျွန်တော်တို့ တစ်ဝက်လောက်ပဲ နားထောင်ကြတယ်၊ တစ်စိတ်လောက်ပဲ နားလည်ပြီး၊ ဘာမှ မတွေးခေါ်ကြဘူး၊ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ် ပြောတာကိုတော့ နှစ်ဆလုပ်တတ်ကြတယ်”

သုတေသနတခုကလူ့သဘာဝအပေါ်တွေ့ရှိချက်တခုပါ။ လုပ်ငန်းအောင်မြင်ချင်ရင်၊ သေသေချာချာ နားထောင်ရပါတယ်၊ နားထောင်ပြီးသမျှကိုလည်း အားလုံးနားလည်အောင် ကြိုးစားရပါတယ်၊ အဲသလိုမဟုတ်ရင် ]စားပွဲပေါ်ကအမိန့်ပေး} နေတဲ့ပုံစံမျိုး ဖြစ်သွားပါလိမ့်မယ်၊

အခြေခံသဘောတရား
**********************
စီမံခန့်ခွဲမှုမှာ Henry Mitzberg ကိုဆိုရင် လူတိုင်းသိကြတယ်၊ သူက စီးပွားရေးမဟာဗျူဟာမှာ ပါဝင်သင်တဲ့ အစိတ်အပိုင်းတွေကို ထုတ်ဖော်ခဲ့သူပါ၊

Plan - အစီအစဉ်တကျ ဆောင်ရွက်မှုဟာ အရေးကြီးပါတယ်၊
Ploy - အစီအစဉ်ကို အသေအချာဖြန့်ခွဲမှု
Pattern - အဆင်၊ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်မယ် ဆိုတာမျိုးပါ၊
Position - ကိုယ့်မဟာဗျူဟာရဲ့အနေအထား
Perspective - ခြုံငုံရှုမြင်မှု

.
လုပ်ငန်းတစ်ခုလုပ်ကိုင်တော့မယ်ဆိုရင်…
***************************************
Type of Business ဆိုတဲ့ ဘယ်လိုစီးပွားရေးမျိုးကို လုပ်ကိုင်မလဲဆိုတာ ဦးဆုံး ဆုံးဖြတ်ရပါလိမ့် မယ်၊ အနည်းဆုံးတော့ ကုန်သွယ်ရေးလား၊ ထုတ်လုပ်ရေးလား၊ ဝန်ဆောင်မှုလားဆိုတဲ့ အဓိက အုပ်စုပါ လုပ်ငန်းမျိုးကို ရွေးချယ်မှုပါ၊ ကုန်သွယ်ရေးအုပ်စုပါ လုပ်ငန်းမှာတောင် ပဲ-ပြောင်း-နှမ်း ကုန်သွယ်မှုနဲ့ အထည်အလိပ် ကုန်သွယ်မှု၊ လျှပ်စစ်အီလက်ထရောနစ်ပစ္စည်းများ ကုန်သွယ်မှု မတူညီကြပါဘူး၊

နောက်-ထပ်ဆင့်စဉ်းစားရမှာက Business Model ဆိုတဲ့ ဘယ်လိုလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်မလဲဆိုတဲ့ ရွေးချယ်မှုပါ၊ အဲဒီ Business Model ကို Strategic Plan လို့လည်း သုံးနှုန်းကြပါ တယ်၊ Simple Business Model မှာ
Value proposition
Revenue model
Production model
Delivery model တွေဆိုပြီး ရှိလာပြန်ပါတယ်၊

စီးပွားရေးလုပ်ငန်းအားလုံးဟာ ဖောက်သည်တွေနဲ့ အမြဲဆက်စပ်နေရတာမို့ အောက်ပါအချက်တွေ ကိုလည်း စဉ်းစားရပါလိမ့်မယ်။
Customer needs (ဖောက်သည်များ၏လိုအပ်ချက်)
Competition (ယှဉ်ပြိုင်မှု)
Technological change (နည်းပညာအပြောင်းအလဲ)
Social change (လူမှုအပြောင်းအလဲ)
Legal environment (ဥပဒေ၏ဝန်းကျင်)

Customer Segment

ဖောက်သည်ဆိုရာမှာလည်း ခြုံငုံကြည့်လို့ မရတတ်ပါဘူး၊ ကိုယ့်ရဲ့ထုတ်ကုန်ကို ဘယ်လိုဖောက်သည် တွေအတွက် ပစ်မှတ်ထားသလဲဆိုတာ ထပ်ပြီးစဉ်းစားသင့်ပြန်ပါတယ်၊
Mass market အများစုဈေးကွက်
Niche market သီးသန့်ဈေးကွက်
Segmented ဈေးကွက်အပိုင်းလိုက် (ဥပမာ - ဝင်ငွေ၊ အသက်အပိုင်းအခြား၊ ကျား/မ)
Diversified ဖြန့်ကျက်ဈေးကွက်
Multi Sided မျက်နှာစာစုံဈေးကွက်

.
Value proposition
********************
တန်ဖိုးနဲ့အကျိုးအမြတ်ကို ထည့်သွင်းစဉ်းစားကြရတာ မှန်ပေမယ့် တစ်ခါတစ်ရံမှာ လောလောဆယ် လက်ထဲရောက်လာတဲ့ အကျိုးအမြတ် (tangible) နဲ့ အလားအလာကောင်းအတွက် (Potentiality) ဆိုပြီး ရှိလာတတ်ပါတယ်၊ အလွယ်ဆုံးဥပမာပြောရရင် … စားသောက်ဆိုင်တစ်ဆိုင်ဟာ ညနေငွေသိမ်းပြီးရင် အကျိုး အမြတ်များများရယူသွားတဲ့ စားသောက်ဆိုင်နဲ့၊ တစ်နေ့စာအကျိုးအမြတ်ကို နည်းနည်းယူပြီး Chain ဆိုတဲ့ စားသောက်ဆိုင်ခွဲများစွာ ဖွင့်နိုင်အောင် ကြိုးစားမှုအကွာအခြားကို သတိထားမိကြမှာပါ၊ တစ်ဆိုင်ချင်း အမြတ် မှာနည်းပေမယ့် ဆိုင်အားလုံးပေါင်းလိုက်ရင် အကျိုးအမြတ်ကြီးကြီးမားမား ဖြစ်လာပါတယ်၊ ပြီးရင် သူ့ရဲ့ ကျော်စောမှုရှိလာတဲ့ ]နာမည်} ၊ }အမှတ်တံဆိပ်} က တန်ဖိုးအလိုလို ရှိလာပါတယ်၊ ကမ္ဘာကျော် Coca Cola ရဲ့ အမှတ်တံဆိပ်တစ်ခုတည်းရဲ့ တန်ဖိုးကတင် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိအောင် နှစ်ပေါင်း များစွာ တည်ဆောက်ခဲ့ရပါတယ်၊

.
Customer Relationship
**************************
ဖောက်သည်တွေနဲ့ဆက်ဆံရေးဟာ အင်မတန်မှ အရေးကြီးလှပါတယ်၊ ကျွန်တော့်လုပ်ငန်းတစ်ခုမှာ CCTV တပ်ခဲ့တယ်၊ သုံးလေးလလောက်အတွင်း ကောင်းကောင်းအလုပ်မလုပ်တော့ တပ်ဆင်ပေးတဲ့ကုမ္ပဏီကို ခေါ်တယ်၊ တော်ရုံနဲ့ ရောက်မလာခဲ့ပါဘူး၊ ရောက်လာပြန်တော့လည်း ဘယ်အပိုင်းက ချို့ယွင်းတာ၊ ဘယ်လိုပြန် လုပ်ပေးမယ်ဆိုတာ တိတိကျကျ မပြောနိုင်ပါဘူး၊ ဒါနဲ့ပဲ နောက်ကုမ္ပဏီတစ်ခုနဲ့ချိတ်ပြီး ပထမကုမ္ပဏီကို ခေါင်းထဲ က ထုတ်လိုက်ပါတော့တယ်၊

.
Key Resources
*****************
ကိုယ့်မှာရှိတဲ့ ရင်းမြစ်တွေကို သေသေချာချာ သိထားဖို့ လိုပါလိမ့်ဦးမယ်၊ အကြမ်းအားဖြင့်တော့ …
Physical resource
Financial resource
Intellectual resource
Human resource

ဆိုပြီး ခွဲခြားလို့ရတယ်၊ ဘဏ္ဍာရေးအနေနဲ့ကတော့ နောက်ပိုင်းမှာ ဘဏ်တွေက ငွေချေးယူရင် ရနိုင် ပေမယ့် Intellectual resource ဆိုတဲ့ အသိပညာရပ်ဆိုင်ရာ ရင်းမြစ်က အတော် အရေးကြီးပါတယ်၊ ထိပ်ပိုင်းတာဝန်ရှိသူတွေဆီမှာ မရှိမဖြစ် အရည်အချင်းပါ၊ လုပ်ငန်းတစ်ခုလုံးမှာတော့ သက်ဆိုင်ရာကဏ္ဍတွေကို တာဝန်ယူကြတဲ့ Human resource ဆိုတဲ့ လူ့အရင်းအမြစ်တွေကိုယ်စီ လိုအပ်ကြပါတယ်၊ မြန်မာနိုင်ငံမှာ ဒီနေ့ တွေ့ကြုံနေရတာက လူ့အရင်းအမြစ် ကျဆင်းနေခြင်းပါပဲ၊ ကိုယ်ယူလာပြီးတဲ့ အတတ်ပညာကို လုပ်ငန်းခွင်မှာ အသေအချာ အသုံးမချနိုင်တာတွေ တွေ့နေရတယ်၊

လုပ်ငန်းခွင်ထဲကို စပြီးဝင်ရောက်ပြီဆိုတာနဲ့ ဝန်ထမ်းဘဝနဲ့ပဲ တစ်သက်လုံးနေသွားမှာလား၊ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်တိုင်လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားသွားမှာလားဆိုတဲ့ မေးခွန်းမျိုးကို ပြတ်ပြတ်သားသားသိဖို့ လိုပါတယ်၊ လူရဲ့သဘာဝအရ တိုးတက်မှုကို ရှာကြံကြတာကြောင့် လူငယ်တွေမှာ Entrepreneurship ဆိုတဲ့ စွန့်ဦးတီထွင်စိတ်ဓာတ်တွေ ရှိနေကြဖို့ လိုပါလိမ့်မယ်၊ အမေရိကန်တွေ ဒီနေ့ ကမ္ဘာ ကြီးကို ဦးဆောင်နိုင်တာဟာ တစ်ဦးချင်းမှာ စွန့်ဦးတီထွင်စိတ်ဓာတ်တွေ ရှိနေကြပြီး၊ စီးပွားရေးစီမံခန့်ခွဲမှု အတတ်ပညာကို ကောင်းကောင်းပိုင်နိုင်ကြလို့ပဲ ဖြစ်ပါတယ်၊

မြန်မာတွေဟာ ဗီဇအရ ထက်မြက်ကြပါတယ်၊ ဒါပေမဲ့ အလေ့အကျင့်ကောင်းတွေ မရခဲ့ကြဘူး၊ အခု ခေတ်သစ်မှာ လုပ်ခွင့်ကိုင်ခွင့်တွေ ရလာခဲ့ကြပါပြီ၊ မိမိတို့ရဲ့ ငုတ်လျှိုးနေတဲ့ဗီဇတွေကို ထုတ်ဖော်ပြီး ကောင်းတဲ့ နေရာတွေမှာ မှန်မှန်ကန်ကန် အသုံးပြုနိုင်ကြဖို့ လိုပါတယ်၊ သဘာဝသယံဇာတ ကြွယ်ဝပြီး၊ ပထဝီနိုင်ငံရေးအရ လည်း အလေးသာတဲ့နိုင်ငံမှာ လူငယ်မျိုးဆက်သစ်တခေတ်လောက် တိုးတက်သွားရင် နိုင်ငံအနေနဲ့ သူများတွေ နဲ့ ရင်ဘောင်တန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊

အခြေခံအကျဆုံးကတော့ …

ဘာကိုလုပ်ရမလဲဆိုတာ သိခြင်း၊
ဘယ်လိုလုပ်ရမလဲဆိုတာ သိခြင်းတွေပါပဲ။


နေဇင်လတ် ၆-၉-၂ဝ၁၅ (၁၆ဝ၁)

Viewing all articles
Browse latest Browse all 98

Trending Articles